Thursday, March 10, 2016

ကရင်နိုင်ငံရေးပါတီ ၅ ခု ပူးပေါင်းရေး KNLA စစ်ဦးစီးချုပ် ဝမ်းမြောက်ကြောင်း ပြောဆို

ကေအိုင်စီ


ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) စစ်ဦးစီးချုပ်၏ ဗိုလ်ချုပ်ကြီး စောဂျော်နီက ကရင်နိုင်ငံရေးပါတီ ၅ ခု ပူးပေါင်းရေးကိစ္စကို သိရသည့်အတွက် ဝမ်းမြောက်ကြိုဆိုကြောင်း မတ်လ ၁ရက်နေ့က ကရင်မီဒီယာသမားများနဲ့ အင်တာဗျူးတွင် ပြောကြားခဲ့သည်။

“ကရင်ပါတီ ငါးပါတီက တစ်ခုတည်း အတူတူ(ပေါင်းစည်းသွား)ဆိုရင် လူထုတွေကိုလည်း စည်းရုံးရတာ လွယ်ကူသွားမယ်။ ဒါကို ဝမ်းသာတယ်။ မြို့ထဲက ပါတီတွေဆိုတော့ (နိုင်ငံရေး)အဆင့်အတန်း ပိုတိုးတက်လိမ့်မယ်”ဟု ဗိုလ်ချုပ်ကြီး စောဂျော်နီက ပြောသည်။

ကရင်ပြည်သူလူထုများသည် ကရင်အမျိုးသားစည်းလုံးညီညွှတ်မှုရေးကို လိုလားနေသလို ၎င်းတို့အနေဖြင့် အလားတူပင် ဖြစ်ကြောင်းနှင့် လက်ရှိအချိန်တွင် ကရင်လက်နက်ကိုင်အဖွဲ့အစည်းများ ပြန်လည်ပေါင်းစည်းနိုင်ရန် ကြိုးပမ်းလျှက်ရှိပြီး ပေါင်းစည်း၍ မရနိုင်သည့်တိုင်အောင် ဘုံသဘောထား တစ်ခုတည်းဖြစ်ရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး စောဂျော်နီက ဖြည့်စွက်ပြောသည်။

ဗိုလ်ချုပ်ကြီး စောဂျော်နီ၏ ပြောကြားချက်အပေါ် ကရင်အမျိုးသားပါတီ(KNP) အထွေထွေအတွင်းရေးမှူး မန်းကျော်ငြိမ်းက “ကရင်ပါတီတွေ ပေါင်းသွားမယ့်ကိစ္စကို သူ ဝမ်းသာတာကို ကြားရတော့ ကျနော်တို့ကလည်း ရှေ့ဆက်အလုပ်အတွက် အားတစ်ခုဖြစ်သွားတာပေါ့။ ပါတီပေါင်းစည်းရေးကတော့ စိတ်ရှည်ရှည်နဲ့ တဆင့်ပြီး တဆင့် ကျနော်တို့ လုပ်သွားကြမယ်။ လက်နက်ကိုင် အရင်အဖွဲ့တွေဘက်ကလည်းပဲ တစ်ခုတည်း ပြန်ပေါင်းဖို့ ကျနော်တို့ မြင်ချင်ပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ကရင်နိုင်ငံရေးပါတီ ၅ ခု ဖြစ်သည့် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ၊ ကရင်အမျိုးသားပါတီ၊ ကရင်ပြည်သူ့ပါတီ၊ ကရင်ဒီမိုကရက်တစ်ပါတီ၊ ကရင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီပါတီတို့သည် ဖေဖော်ဝါရီ ၂၇ ရက်မှ ၂၈ ရက်နေ့က ကရင်ပြည်နယ်၊ ဖားအံမြို့တွင် ကရင်နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ကာ ပါတီတစ်ခုတည်းပေါင်းစည်းနိုင်ရေးအတွက် (၁၀)ဦး ပါဝင်သော မူဝါရေးရာရေးဆွဲရေး ကော်မတီတစ်ခုအား ဖွဲ့စည်းထားသည်။

ထို့အတူ ဖေဖော်ဝါရီ ၂၉ ရက်နေ့က ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ရှိ KNLA စစ်ရုံးချုပ်တွင် ကရင်လက်နက်ကိုင်များညီညွတ်ရေးကော်မတီ ပုံမှန်အစည်းအဝေးပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေးတက် ရောက်သော KNLA အပါအဝင် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်-DKBAနှင့် KNU/KNLA (PC) တို့က KNU ၏ နိုင်ငံရေးဦးဆောင်မှုအတိုင်း ပူးပေါင်းလုပ်ဆောင်သွားရန် ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။

No comments: