Tuesday, March 8, 2016

သိမ်းဆည်းခံ လယ်မြေအရေး ဖြေရှင်းရန် NLD ပေါက်မြို့နယ်အမတ်များ ဆွေးနွေး

ဒေါင်းလူ-တင်ရွှေ

မကွေးတိုင်း၊ ပေါက်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ယနေ့ မတ်လ(၃)ရက်နေ့၊ နံနက်(၉)နာရီမှနေ့လည် (၁၂)နာရီအထိ လယ်ယာမြေဥပဒေ ပြင်ဆင်ရေးနှင့် အသိမ်းဆည်းခံ လယ်ယာမြေ ကိစ္စရပ်များအရေး ဖြေရှင်းပေးရန် ကိစ္စရပ်များကို လွှတ်တော်ကိုယ်စားလှယ်များ၊ လယ်ယာမြေ ဥပဒေပညာရှင်များ၊ လယ်ယာမြေနှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများက ဆွေးနွေးခဲ့ကြသည်။

 "အဓိကကတော့ လွှတ်တော် ရပ်နားခိုက်မှာ ဒေသခံတောင်သူတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်ကြီးတွေ တွေ့ဆုံပြီး၊ တောင်သူ လယ်သမားတွေရဲ့ လိုအပ်ချက်တွေအတွက် တောင်သူလယ်သမားအဖွဲ့၊ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေတွေ လွှတ်တော်မှာ ပြဋ္ဌာန်းပေးဖို့၊ ဒေသခံ အစုအဖွဲ့ပိုင် သစ်တော ညွှန်ကြားချက်တွေကို ဥပဒေအဖြစ်ပြဋ္ဌာန်းပေးဖို့နဲ့ အသိမ်းဆည်း ခံလယ်ယာမြေပြသနာ တွေ ဖြေရှင်းဖို့ ဒါတွေကို လွှတ်တော်ကနေ တွန်းပေးဖို့ ဆွေးနွေးကြတာပါ” ဟု လယ်ယာမြေဥပဒေပညာရှင် ဦးအောင်ကျော်ကျော်က မဇ္ဈိမသို့ ပြောသည်။

 ဆွေးနွေးပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းဒေသကြီး လွှတ်တော်မှ ဦးအောင်သန်း၊ ဒေါ်မြင့်စန်း၊ ပြည်သူ့လွှတ်တော်မှ ဦးရဲထွန်းဝင်း၊ အမျိုးသားလွှတ်တော်မှ ဦးကျော်ဆွေနှင့် လယ်ယာမြေဥပဒေပညာရှင် ဦးအောင်ကျော်ကျော်၊ လယ်ယာမြေအရေးနှင့် နိုင်ငံရေး တက်ကြွလူပ်ရှားသူ ဦးဇော်မင်းထိုက်တို့က ဦးဆောင်၍ ကျေးရွာ(၃၀)မှ ဒေသခံတောင်သူများ စုပေါင်းဆွေးနွေးခဲ့ကြသည်။

 မြန်မာနိုင်ငံတွင် အသိမ်းဆည်းခံ လယ်ယာမြေ ဧက(၅)ဒသမ(၂)သန်းရှိပြီး၊ မကွေးတိုင်း၊ပေါက်မြို့နယ်၌ ကပစ(၂၄)က သိမ်းဆည်းခဲ့သော ဧက(၃)သောင်းကျော်ရှိကြောင်း၊ အသိမ်းဆည်းခံ လယ်ယာမြေ ပြဿနာများကို လွှတ်တော်အတွင်း ဖြေရှင်း ဆောင်ရွက်ရန် ကြိုးပမ်း တိုက်တွန်းသွားမည်ဟုလည်း ဆွေးနွေးပွဲ တက်ရောက်လာသူများက ဆိုသည်။

No comments: