မင်းမင်း
သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် ပြည်ထောင်စုဝန်ကြီးဌာနပေါင်း (၃၆)ခုကို ထားရှိရာမှ အမျိုးသားဒီမိုကရေစီအစိုးရလက်ထက်တွင် ဌာနပေါင်း ၂၁ခုလောက်သာ ထားရှိမည်ဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာနကို ဆက်လက်ထားရှိခြင်းမှာ အစိုးရ၏ မူဝါဒများနှင့် လုပ်ငန်းများကို ပြည်သူများသိရှိနိုင်ရန်အတွက်ဖြစ်သည်ဟု NLD၏ ပြောခွင့်ရသူ ဒေါက်တာဇော်မြင့်မောင်က မတ်လ ၁၈ရက်တွင် ပြောသည်။
"ဖွံ့ဖြိုးပြီး ဒီမိုကရေစီနိုင်ငံကြီးတွေမှာ ဒီဌာနမရှိသင့်တော့ပါဘူး။ ကျွန်တော်တို့ဆီမှာတော့ တစ်ချိန်ဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ်။ လောလောလတ်လတ်ကတော့ ဘာပဲပြောပြော ပြည်သူလူထုသိအောင် ပြောရမယ်၊ ဆိုရမယ်။ အဲ့ဒီတော့ ဒီကဏ္ဍကတော့ ထားရမှာပေါ့" ဟု ဒေါက်တာဇော်မြင့်မောင်က ဆိုသည်။
လက်ရှိ သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် ဝန်ကြီးဌာနပေါင်း ၃၆ခုကို ထားရှိခဲ့သော်လည်း လာမည့် ဧပြီလ ၁ရက်တွင် စတင်တာဝန်ယူရမည့် NLDအစိုးရလက်ထက်တွင်မူ ဝန်ကြီးဌာနအချို့ကို ဖျက်သိမ်းပြီး အချို့ကို ပေါင်းစည်းကာ ဖွဲ့စည်းသွားမည်ဖြစ်သည်။
သို့သော် ပြန်ကြားရေးဝန်ကြီးဌာနအပါအဝင် ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနကဲ့သို့သော ဌာနအချို့ကိုမူ မူလအတိုင်း ဆက်လက်ထားရှိမည် ဖြစ်သည်။
ပြန်ကြားရေးဝန်ကြီးဌာနကို ဆက်လက်ထားရှိရခြင်းမှာ အစိုးရ၏ ဝါဒဖြန့်ချီရေးအတွက် မဟုတ်ဟု ဒေါက်တာဇော်မြင့်မောင်က အောက်ပါအတိုင်း ပြောသည်။
"ဝါဒဖြန့်ချီရေးအတွက် မဟုတ်ဘူး။ အစိုးရလုပ်ငန်းတွေအားလုံး ဖော်ပြသွားမှာ" ဟု ၎င်းက ဆိုသည်။
ဝန်ကြီးဌာနများကို လက်ရှိအစိုးရလက်ထက်တွင် ထားရှိသည့်အရေအတွက်လောက်မထားတော့ဘဲ ၂၁ခုသာ ထားရှိမည့်အပေါ် လွှတ်တော်အမတ်အများစုက ထောက်ခံကြပြီး အမတ်အချို့ကမူ ဝန်ကြီးဌာနများကို ဦးဆောင်မည့် ဝန်ကြီးများသည် တိုင်းပြည်အတွက် စိတ်ရင်း၊ စေတနာကောင်းဖြင့် အလုပ်လုပ်ကြဖို့ လိုအပ်သည်ဟု မဇ္ဈိမကို ပြောသည်။
"ဝန်ကြီးဌာန ချုံ့တာ၊ ချဲ့တာကတော့ အဓိကမဟုတ်ဘဲနဲ့ အဲ့ဒီနေရာမှာ တာဝန်ယူရတဲ့သူတွေက ထိထိရောက်ရောက်လုပ်ဆောင်ပေးနိုင်ဖို့ပဲ အရေးကြီးပါတယ်" ဟု ချင်းပြည်နယ်
NLDအစိုးရလက်ထက်တွင် ထားရှိမည့် ဝန်ကြီးဌာနများအနက် လက်ရှိအစိုးရတွင် မရှိသေးသည့် တိုင်းရင်းသားရေးရာဝန်ကြီးဌာနကို ထားရှိသွားမည်ဖြစ်သည်။ အဆိုပါ ဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားတို့အရေးကိစ္စများကို ထိထိရောက်ရောက်လုပ်ဆောင်ပေးနိုင်ရန်လည်း တိုင်းရင်းသားအမတ်များက မျှော်လင့်နေကြသည်။
NLDအစိုးရလက်ထက်တွင် ထားရှိမည့် ပြည်ထောင်စုဝန်ကြီးဌာနများမှာ
၁) နိုင်ငံခြားရေးဝန်ကြီးဌာန
၂) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
၃) ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန
၎) ယဉ်ကျေးမှုနှင့် သာသနာရေးဝန်ကြီးဌာန
၅) သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်းထိန်းသိမ်းရေးဝန်ကြီးဌာန
၆) လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန
၇) အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
၈) စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန
၉) စက်မှုဝန်ကြီးဌာန
၁၀) ကျန်းမာရေးဝန်ကြီးဌာန
၁၁) ပညာရေးဝန်ကြီးဌာန
၁၂) ဆောက်လုပ်ရေးဝန်ကြီးဌာန
၁၃) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
၁၄) ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန
၁၅) စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
၁၆) ပြန်ကြားရေးဝန်ကြီးဌာန
၁၇) တိုင်းရင်းသားရေးရာဝန်ကြီးဌာန
၁၈) သမ္မတရုံးဝန်ကြီးဌာန
၁၉) ကာကွယ်ရေးဝန်ကြီးဌာန
၂၀) ပြည်ထဲရေးဝန်ကြီးဌာန
၂၁) နယ်စပ်ရေးရာဝန်ကြီးဌာနတို့ ဖြစ်သည်။
No comments:
Post a Comment