ဇော်ခမ်းဟိန်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီသည် လုပ်ငန်းစဉ်များကို လျော့နည်းလာစေမည့် အလားအလာများကို ကြပ်မတ်ထိန်းသိမ်းနိုင်ရန် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ အတွင်းရေးမှူးအဖွဲ့ကို ခေါင်းဆောင် ၅ ဦးဖြင့် ယနေ့ ဖွဲ့စည်းလိုက်ကြောင်း ကြေညာသည်။
''ပါတီထဲကလူတွေက လွှတ်တော်ထဲရောက်လာတော့ ပါတီမှာအားနည်းသွားတာပေါ့။ ဒါကို အားပြန်ကောင်းစေရန် အဲ့ဒီ (၅) ဦးနဲ့ အတွင်းရေးမှူးအဖွဲ့ဆိုပြီးပြန်ဖွဲ့တာ။ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ကတော့ အရင်အတိုင်းပါဘဲ။'' ဟု ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးထွန်းထွန်းဟိန်က မဇ္ဈိမသို့ပြောသည်။ အသစ်ဖွဲ့စည်းလိုက်သော အတွင်းရေးမှူးအဖွဲ့မှာ ဦးဝင်းထိန်၊ ဦးဝင်းမြင့်၊ ဒေါက်တာဇော်မြင့်မောင်၊ ဦးဥာဏ်ဝင်း၊ ဦးဟံသာမြင့်တို့ဖြစ်ကြသည်။
တဆက်တည်းမှာပင် ဖေဖော်ဝါရီ ၂၈ ရက်နေ့ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးဆုံးဖြတ်ချက်အရ ဦးမန်းဂျော်နီအား အရံဗဟိုအလုပ်အမှုဆောင်မှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် အဖြစ်တာဝန် ပေးအပ်ပြီး ဒေါက်တာမျိုးညွန့်အား ဗဟိုကော်မတီဝင်အဖြစ်မှ အရံဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် အဖြစ်တာဝန်ပေးခဲ့သည်။ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှာ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဖြစ်ပြီး အဖွဲ့ဝင်များမှာ ဦးဝင်းထိန်၊ ဦးဥာဏ်ဝင်း၊ ဦးဟံသာမြင့်၊ ဦးအုန်းကြိုင်၊ ဦးဝင်းမြင့်၊ ဦးထွန်းထွန်းဟိန်၊ ဦးကျော်ခင်၊ ဦးညီပု၊ ဒေါက်တာမျိုးအောင်၊ ဒေါက်တာဇော်မြင့်မောင်၊ ဒေါက်တာအောင်မိုးညို၊ ဒေါက်တာမေ၀င်းမြင့်၊ ဒေါ်ခင်ဌေးကြွယ်၊ ဒေါ်နန်းခင်ထွေးမြင့်တို့ဖြစ်ကြသည်။
No comments:
Post a Comment