Tuesday, March 1, 2016

အစိုးရလုံခြုံရေးမပေးနိုင်သဖြင့် Pat Jasan အဖွဲ့ အိမ်ပြန်ရန်ဆုံးဖြတ်

ဟိန်းကိုစိုး

ဘိန်းခင်းများလိုက်လံဖျက်ဆီးနေသည့် Pat Jasan အဖွဲ့ အစိုးရကလုံခြုံရေးမပေးနိုင်သဖြင့် နေရပ်ရင်းများသို့ ပြန်မည်ဟု ယနေ့မနက်ပိုင်းက ဆုံးဖြတ်လိုက်သည်ဟု အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးတူးရော်က ဖေဖော်ဝါရီ ၁၂နာရီတွင် မဇ္ဈိမကိုပြောသည်။

"ရှေ့ဆက်ဖို့ ပြည်နယ်အစိုးရကလည်း လုံခြုံရေးနဲ့ပက်သက်ပြီး အခုထက်ပို မလုပ်ပေးနိုင်တော့ဘူးလို့ဆိုတယ်။ ကျွန်တော်တို့လုပ်ငန်း အောင်မြင်တယ်လို့ သတ်မှတ်တယ်။ တားတဲ့သူတွေက လက်နက်အပြည့်အစုံနဲ့တားတယ်။ အဲဒီအတွက်ကျွန်တော်တို့လူတွေကို ချမကျွေးနိုင်ဘူးဆက်တိုးစရာမရှိတော့ဘူး။ ဒီညနေကစပြီးလူခွဲပြီး ကိုယ့်အိမ်ကိုပြန်ကြမယ်။" ဟု ၎င်းကဆိုသည်။

ဘိန်းခင်းဖျက်ဆီးသည့်အဖွဲ့ တိုက်ခိုက်ခံရပြီးနောက် ပြည်နယ်အစိုးရအဖွဲ့ဝင် နယ်/လုံဝန်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင်နှင့် ဖေဖော်ဝါရီ ၂၆ရက်၊ ညနေပိုင်း၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ဘိန်းခင်းဖျက်သူများကို လုံခြုံရေးပေးနိုင်ရေး ဆွေးနွေးခဲ့သည်။

လုံခြုံရေးပေးနိုင်ရေးအတွက် ပြည်နယ်အစိုးရအနေဖြင့် မတက်နိုင်ပဲ ပြည်ထောင်စုအစိုးရသို့သာ ဆက်လက် တင်ပြနိုင်မည်ဟုသာ နယ်/လုံဝန်ကြီးက အဖွဲ့ခေါင်းဆောင် ဆွေးနွေးသူများကိုပြောကြားခဲ့သည်။

အင်အား ၁၂၀၀ကျော်ရှိသည့်ဘိန်းခင်းဖျက်ဆီးရေး Pat Jasan အဖွဲ့ကို ဒေသခံဟုဆိုသူများက ဖေဖော်ဝါရီ ၂၅ရက် နံနက်ပိုင်းတွင် ဘိန်းခင်းများရှိသည့် မဂရွာအနီး လက်လုပ်ဗုံး၊ တူမီးသေနတ်၊ လှံစွပ်များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ယင်းသို့တိုက်ခိုက်ခံရမှုကြောင့် ဘိန်းခင်းဖျက်ဆီးသည့် အဖွဲ့ဝင် ၃၂ ဦးဒဏ်ရာ ရရှိခဲ့သည်။

ပြည်သူ့လွှတ်တော်တွင်လည်း ဘိန်းခင်းဖျက်ဆီးနိုင်ရေးအဖွဲ့များအတွက် ပြည်ထောင်စုအစိုးရက တာဝန်ယူပေးရန် ဆုံးဖြတ်ခဲ့သော်လည်း အစိုးရကလက်တွေ့အကောင်အထည်မဖော်နိုင်ခဲ့ပေ။

Pat Jasan အဖွဲ့ကို ၂၀၁၄ခုနှစ် ဧပြီလ ၂၅ရက်တွင် စတင်ဖွဲ့စည်းပြီး ၂၀၁၅ခုနှစ်မှစတင်ကာ ကချင်ပြည်နယ် အတွင်းရှိ ဘိန်းခင်းများကို အဖွဲ့ ၅ဖွဲ့ခွဲကာ လိုက်လံဖျက်ဆီးခဲ့သည်။ ၂၀၁၅ခုနှစ်အတွင်း ဘိန်းခင်း ၄၃၈၀ကို ဖျက်ဆီးနိုင်ပြီး ၂၀၁၆ယခုဘိန်းခြစ်ရာသီတွင် ဘိန်းခင်း ၄၀၀၀နီးပါးကိုသာဖျက်ဆီးနိုင်ပြီး၊ တပ်မတော်ဗျူဟာ ၁ နှင့် ၃ ထိန်းချုပ်ရာနယ်မြေအတွင်းရှိဘိန်းခင်းများကိုမူ မဖျက်ဆီးနိုင်ခဲ့ကြောင်း ဦးတူရော်ကဆိုသည်။

Pat Jasanအဖွဲ့က တနိုင်းမြို့နယ်အတွင်း လူအင်အား ၅၀၀၊ စွမ်ပရာဘွမ်တွင် အင်အား ၃၀၀၊ ပူတာအိုတွင် အင်အား ၄၀၀၊ ဆဒုံးတွင် အင်အား ၁၂၀၀ကျော်နှင့် ချီဖွေတွင် အင်အား ၃၀၀ကျော်သို့အသုံးပြုကာ ဘိန်းခင်များကို လိုက်လံ ဖျက်ဆီးနေခြင်းဖြစ်သည်။

No comments: