Saturday, April 16, 2016

သင်္ကြန်တွင်း ကားခပိုတောင်းယူသော လိုင်းကားများအား တိုင်ကြားပါက အရေးယူပေးမည်

ယဉ်မွန်

မဟာသင်္ကြန်ကာလအတွင်း လိုင်းကားခများ ပိုမိုတောင်းယူမှုများရှိနေသောကြောင့် ထိုလိုင်းကားများအား ကားနံပါတ်မှတ်သားကာ တိုင်ကြားပါက အရေးယူဆောင်ရွက်သွားမည်ဟု သိရသည်။ သင်္ကြန်မတိုင်ခင် တစ်ပတ်ခန့်အလိုကတည်းက အချို့သော ယာဉ်လိုင်းများမှာ ယာဉ်စီးခများကို ပိုမိုတောင်းခံမှုများ ပြုလုပ်ခဲ့ကြောင်းနှင့် ခရီးသည်များအပေါ် မချဉ်မငံဆက်ဆံမှုများရှိခဲ့ကြောင်း ဒေါပုံသင်္ဘောကျင်းမှ ယုဇနပလာဇာသို့ နေ့စဉ်သွားလာ အလုပ်ဆင်းနေရသူ မဇာခြည်က မဇ္ဈိမကိုပြောသည်။

"အရင်လို သွားနေကြ တစ်ရာခရီးကို သင်္ကြန်တွင်းမတိုင်ခင်မှာ နှစ်ရာတောင်းတယ်။ အခုသင်္ကြန်တွင်းတော့ ငါးရာတောင်းတယ်။ သူတို့ကို ပြောတော့ တိုင်ချင်ရာတိုင်တဲ့။ စပယ်ယာတွေက ရိုင်းလည်းရိုင်းတယ်။ ပြီးတော့ ကလေးတွေပိုများတယ်။" ဟု မဇာခြည်က ၎င်းကြုံတွေ့မှုကို ပြောပြသည်။ အချို့ယာဉ်လိုင်းများသည် သင်္ကြန်ကာလအတွင်းသာ ကားခပိုမိုတိုးကောက်ခံသော်လည်း နှစ်ဆန်းတစ်ရက်နေ့တွင်မူ ပုံမှန်နှုန်းထားတိုင်းသာ ကောက်ခံမည်ဖြစ်ကြောင်းလည်း ယာဉ်အကူအချို့ထံမှတဆင့် သိရသည်။

 "ဒီရက်ပိုင်းကားတွေက မထွက်တော့ ပိုယူတဲ့သဘောပါ။ စီးတဲ့သူတွေဆီကလည်း ဘာမှတော့မပြောကြဘူး။ ကျွန်တော်တို့က နှစ်ဆန်းတစ်ရက်နေ့တော့ ပုံမှန်နှုန်းထားကောက်မှာပါ" ဟု ယုဇနဥယာဉ်မြို့တော်နှင့် ဗိုလ်အောင်ကျော်သို့ ပြေးဆွဲနေသော ယာဉ်လိုင်းမှ ယာဉ်နောက်လိုက်တစ်ဦးက ပြောသည်။ သင်္ကြန်ကာလတွင်းတွင် ယခုကဲ့သို့ ယာဉ်စီးခပိုမိုတောင်းခံပါက ဖုန်းနံပါတ် 018500651 သို့ ကားနံပါတ် ယာဉ်အမည် နှင့် လမ်းကြောင်းပြောကာ ချက်ချင်းတိုင်ကြားနိုင်ကြောင်း၊ ထိုဌာနမှတဆင့် သက်ဆိုင်ရာယာဉ်လိုင်းဌာနများကို အကြောင်းကြားကာ အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

No comments: