မဇ္ဈိမ
ရခိုင်ပြည်နယ်တွင် ရွှေ့ပြောင်းဒုက္ခသည်များလိုက်ပါလာသော လှေတစ်စီး နစ်မြုပ်ခဲ့သည့် အပေါ် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေကိုယ်စားလှယ်နှင့် လူသားချင်းစာနာထောက်ထားမှုညှိနှိုင်းရေး မှူး မစ္စဂျန်နက်ဂျက်ဆင် က ၀မ်းနည်းကြောင်းကြေညာချက်ထုတ်ပြန်လိုက်သည်။
ဧပြီလ၊ ၁၉ ရက်နေ့က စစ်တွေမြို့နယ်၊ သဲချောင်းအနီးရှိ ရေပြင်တွင် စုစုပေါင်း လူ ၆၀ ကျော်လိုက်ပါလာသည့် လှေတစ်စီး နစ်မြုပ်ခဲ့သည့်အပေါ် အလွန်တရာကြေကွဲဝမ်းနည်း၊ စိတ်မကောင်းဖြစ်ရကြောင်း မစ္စဂျန်နက်ဂျက်ဆင်က ၎င်း၏ ကြေညာချက်ထဲတွင် ပြောကြားထားသည်။
လှေနစ်မြုပ်မှုကြောင့် သေဆုံးသူအရေအတွက်မှာ လက်ရှိအချိန်တွင် ကလေး ၉ ဦးအပါအ၀င် ၂၁ ဦးအထိ ရှိနေပြီ ဖြစ်ပြီး ပျောက်ဆုံးနေသူများကျန်ရှိနေဆဲဖြစ်သဖြင့် ဆက်လက်မြင့်တက်နိုင်ဖွယ်လည်း ရှိနေသေးသည်။
လှေနစ်မြုပ်မှုတွင် ဒဏ်ရာရရှိခဲ့သူ ၆ ဦးကို စစ်တွေအထွေထွေရောဂါကုဆေးရုံကြီးနှင့် သက်ကယ်ပြင်ဆေးခန်း တို့တွင် ပြုစုကုသပေးလျှက်ရှိကြောင်း ကုလသမဂ္ဂဌာနကိုယ်စားလှယ်နှင့် လူသားချင်းစာနာထောက်ထားမှုညှိနှိုင်းရေးမှူး ရုံး၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။
ထိုဒေသရှိ ကုလသမဂ္ဂနှင့် NGO ၀န်ထမ်းများသည် ဒဏ်ရာရလူနာများကို သယ်ယူပို့ဆောင်ရေးတွင် ကူညီဆောင်ရွက် လျှက်ရှိပြီး သက်ကယ်ပြင်ဆေးခန်းတွင်လည်း ဆေးဘက်ဆိုင်ရာအကူအညီများပေးအပ်လျှက်ရှိသည်။
ကုလသမဂ္ဂ၀န်ထမ်းများသည် ဒေသတွင်းအာဏာပိုင်များနှင့်ပူးပေါင်းဆောင်ရွက်ပြီး ထိခိုက်ဒဏ်ရာရသူ နှင့် အသက်ဆုံးရှုံး ရသူအရေအတွက်ကို အတည်ပြုနိုင်ရန်အပါအ၀င် ဖြစ်စဉ်တစ်ရပ်လုံးကို အဆက်မပြတ်မှတ်တမ်းတင်နိုင်ရန် လုပ်ဆောင် လျှက်ရှိသည်။
လှေပါတွင်လိုက်ပါလာသူများအနက်အများစုမှာ ပေါက်တော်မြို့နယ်ရှိ ဆင်တက်မော်ဒုက္ခသည်စခန်းတွင် ခိုလှုံနေသော ဒေသတွင်းရွှေ့ပြောင်းဒုက္ခသည်များဖြစ်ပြီး ဈေးဝယ်ရန်အတွက် တရားဝင်ခွင့်ပြုချက်ဖြင့် စစ်တွေမြို့နယ်သို့ တစ်ရက်တာ ခရီးထွက်လာသူများဖြစ်ကြောင်းသိရသည်ဟုလည်း ကုလသမဂ္ဂဌာနကိုယ်စားလှယ်နှင့် လူသားချင်းစာနာထောက်ထားမှု ညှိနှိုင်းရေးမှူး ရုံး၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။
ယခုဖြစ်စဉ်က ရခိုင်ဒေသရှိ ဒုက္ခသည်အဖွဲ့အစည်းများသည် အစားအသောက်နှင့် အခြားအခြေခံလိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရန်အတွက် ခရီးသွားရန်တွင် ယခုကဲ့သို့အန္တရာယ်များလှသည့် ရေလမ်းခရီးတစ်ခုတည်းကိုသာ အားပြုနေ ရကြောင်း မီးမောင်းထိုးပြလျှက်ရှိနေကြောင်း မစ္စဂျန်နက်ဂျက်ဆင်က ယင်းကြေညာချက်ထဲတွင် ပြောကြားထားသည်။
ထို့ပြင် မစ္စဂျန်နက်ဂျက်ဆင်က ယခုကြေကွဲဖွယ်ရာဖြစ်စဉ်အတွင်း သားကောင်ဖြစ်ခဲ့ရသူများနှင့် ၎င်း တို့၏မိသားစုများ အတွက် ကုလသမဂ္ဂ၏ကိုယ်စား စာနာထောက်ထားကြောင်းနှင့် ၀မ်းနည်းကြောင်း ဖော်ပြခဲ့ပြီး ကုလသမဂ္ဂအနေဖြင့် လူမျိုး၊ဘာသာမခွဲခြားဘဲ ရခိုင်ပြည်နယ်အတွင်းရှိလူများအားလုံးဘေးအန္တရာယ်ကင်းဝေးရေးနှင့် ကောင်းမွန်စွာရှင်သန် နေထိုင်နိုင်ရေးအတွက် အစိုးရနှင့် ဒေသတွင်းအာဏာပိုင်များကို လိုအပ်သောအကူအညီအထောက်အပံ့များဆက်လည် ပေးအပ်သွားမည်ဖြစ်ကြောင်းလည်း ပြောကြားထားသည်။
No comments:
Post a Comment