Saturday, April 2, 2016

ငြိမ်းချမ်းရေးနှင့် လုံခြုံရေးပါ ထိခိုက်လာနိုင်ဟုဆိုကာ ကယားပြည် ရေကာတာစီမံကိန်းများ ကန့်ကွက်

ဆန်းဖြိုးထွန်း


ရေအားလျှပ်စစ်များရရှိရန် ကယားပြည်နယ်အတွင်းရှိ အကြီးမားဆုံးမြစ်ချောင်းများဖြစ်သည့် သံလွင်မြစ်နှင့် ပွန်ချောင်းတို့ကို ပိတ်ဆို့ပြီး ရေကာတာများတည်ဆောက်မည့် စီမံကိန်းများသည် ဌာနေဒေသခံများအတွက် အကျိုးမရှိသည့်အပြင် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကိစ္စရပ်များကိုပါ ထိခိုက်လာနိုင်သည့်အတွက် အရပ်ဘက် လူထုအခြေပြုအဖွဲ့အစည်းများမှ ကန့်ကွက်မှုများ ပြုလုပ်လာနေသည်ကိုတွေ့ရှိရသည်။

လက်ရှိကယား(ကရင်နီ)ပြည်အလယ်ပိုင်း ပွန်ချောင်းပေါ်မှာ ရေကာတာစီမံန်ကိန်းတည်ဆောက်ရန် ဆောင်ရွက်နေမှုသည် အစိုးရနှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီအကြား ရရှိထားသည့် အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ရာရောက်သည့်အတွက် ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေသည်ဟု ဖေဖေါ်ဝါရီလ ၁၄ရက်နေ့မှာကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ဖြစ်ချောင်းများနေ့မှာ ကရင်နီလူမှုအဖွဲ့အစည်းများကွန်ယက်(KCSN)က ကြေညာချက် ထုတ်ပြန်ပြီး ပြောဆိုလိုက်သည်။

“ဒီင်္စီမံကိန်းဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ချိန်ကိုက်ဗုံးတစ်လုံးလိုဖြစ်နေပါတယ်” ဟုKCSN ပြောခွင့်ရ ခူးကိုရယ်က ထုတ်ပြန်ချက်ထဲတွင် ပြောဆိုထားသည်။

ပြည်နယ်တွင်း လက်ရှိ လောပိတ ရေအားလျှပ်စစ် အမှတ်(၁၊၂၊၃) ရှိနေပါသော်လည်း ဒေသခံပြည်သူများ အကျိုးခံစားခွင့်မရရှိကြသလို ပြည်နယ်တွင်း သံလွင်မြစ်နှင့် ပွန်ချောင်းတို့ကိုပိတ်ဆို့ပြီး ထပ်မံတည်ဆောက်မည့် စီမံကိန်းများသည် ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကိစ္စရပ်တွေအတွက်ပါ ထိခိုက်လာနိုင်သည့်အတွက် အစိုးရအသစ်အနေဖြင့် ပြန်လည်သုံးသတ်ရန် လိုအပ်ကြောင်း ကရင်နီပြည်လူငယ်များသမဂ္ဂအဖွဲ့ (UKSY)ကဆိုသည်။

“ခုရေကာတာ စီမံကိန်းတွေ နောက်တစ်ခြားစီမံကိန်းတွေပေါ့ အဲ့ဟာက ပြည်သူတွေကို ဆွေးနွေးတိုင်ပင်တာတို့ ပွင့်ပွင့်လင်းလင်းချပြတာတို့ ပြီးရင်ငြိမ်းချမ်းရေး၊ နိုင်ငံရေးတွေ အဆင်မပြေခင် လေးမှာ ဒီလာလုပ်တဲ့ ကိစ္စတွေကိုကျနော်တို့က ကန့်ကွက်တယ် နောက်အဓိကတစ်ခုက ဌာနေတိုင်းရင်းသား အခွင့်ရေးပေါ့ အဲ့ပေါ်မှာ အရေးတယူအလေးမထား လို့ပါ˝ ဟု UKSY ပြောခွင့်ရ ကိုစစ်မုန်းကပြောသည်။

ဘောလခဲမြို့နယ် ရွာသစ်ကျေးရွာအနီးတွင် လျှပ်စစ်ဓါတ်အား ၆၀၀ မီဂါဝပ်နဲ့ စောလုံဟောခမ်းရွာအနီး ဓါတ်အား ၁၃၀ မီဂါဝပ်နဲ့အတူ လွိုင်ကော်မြို့မြောက်ဘက် သဖက်ချောင်းမှာ ဓါတ်အား ၁၁၀ မီဂါဝပ် ထုတ်လုပ်နိုင်ဖို့ ယခင်စစ်အစိုးရလက်ထက်ကတည်းက ရေကာတာများတည်ဆောက်ရန် စီစဉ်ထားခဲ့ကြသည်။

ပြည်နယ်အတွင်း ယခုလို စီမံကိန်းများ လုပ်ဆောင်မှုကြောင့် ပြည်တွင်း ငြိမ်းချမ်းရေး ကိုထိခိုက်လာနိုင်သည့်အပြင်ရှိ စီမံကိန်းလုပ်ဆောင်ရန်နေရာဒေသများသည် လက်နက်ကိုင်အဖွဲ့များအကြား သတ်မှတ်ထားသော ထိန်းချုပ်နယ်မြေများဖြစ်ပြီး စီမံကိန်းများကြောင့် လက်နက်ကိုင်တပ်များအကြား နယ်မြေပြဿနာနှင့် အစိုးရစစ်တပ်များနှင့်လည်း တပ်ပိုင်းဆိုင်ရာ ပဋိပက္ခများ ဖြစ်လာနိုင်သည့်အတွက် ဒေသခံဌာနေ တိုင်းရင်းသားများ အတွက်လည်း လုံခြုံစိတ်ချမှု ရှိနိုင်မှာမဟုတ်ကြောင်း Women Safe House ဆိုသည်။

“ငြိမ်းချမ်းရေးဆိုတာကိုလည်း လုံးဝထိခိုက်မယ် စီမံကိန်းတွေ အားလုံးရပ်တန့်ထားရမယ် ဒီစီမံကိန်းတွေ တည်ဆောက် ခြင်းအားဖြင့် ဌာနေတိုင်းရင်းသားတွေရဲ့ အမွေနစ်တွေ ရိုးရာတွေ အသက်မွေး ဝမ်းကြောင်း လုပ်ငန်းတွေ လုံခြုံရေး အပိုင်းမှာတော့ ကျန်းမာရေး၊ ပညာရေး ၊လူမှု့ရေး အားလုံးပေါ့ လုံခြုံမှုမရှိနိုင်တော့ဘူး˝ဟု Women Safe House တာဝန်ခံ မရိုစီကျော်က ပြောသည်။

ပွန်ချောင်းပေါ်တွင် ရေအားလျပ်စစ်ထုတ်လုပ်နိုင်မည့် ရေကာတာတခု တည်ဆောက်နိုင်ရန် မြန်မာလျှပ်စစ်စွမ်းအင်ဝန်ကြီးဌါနမှ H.T.C.T Energy Investment Co. Ltd (Myanmar)နှင့် Trust Energy Investment Pte. Ltd (Singapore) တို့နှင့် နားလည်မှူစာချွန်လွှာကို ၂၀၁၅ခုနှစ်က ချုပ်ဆိုပြီးနောက် ၂၀၁၆ခုနှစ် ဖေဖေါ်ဝါရီလကစပြီး ဘောလခဲမြို့နယ် စောလုံကျေးရွာအုပ်စု (ဟော်ခမ်းကျေးရွာ)၊ (စောလုံကျေးရွာ)၊ (လွယ်ဝမ်းကျေးရွာ) တစ်လျှောက်ရှိ ပွန်ချောင်း အထက်အောက်တို့တွင် တိုင်းတာမှုများ လာရောက်လုပ်ကိုင်လျက်ရှိနေသည်။

ပွင့်လင်းမြင်သာမှုမရှိသည့် အဆိုပါစီမံကိန်းအား ရပ်တန့်ရန် ပြည်နယ်တွင်းရှိ အရပ်ဖက်လူမှုအဖွဲ့အစည်း (၁၁)ပူးပေါင်းပြီး ဖေဖော်ဝါရီလ ၂၈ရက်နေ့ကလဲ ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သေးသည်။

ပြည်သူပြည်သားများအတွက် အကျိုးမရှိသည့် စီမံကန်းများကို ပြည်နယ်အစိုးရသစ်ဖွဲ့စည်းပြီးပါက ချန်ထားမည်ဟု ကယားပြည်နယ်လွှတ်တော် ဥက္ကဌ ဦးလှတွေးကယခုလိုပြောသည်။

̏တချို့ဟာကတော့ ဦးတို့အနေနဲ့ ကောင်းတာဆိုယူသွားမယ် မကောင်းတာဆို ထားခဲ့မယ် ဥပမာ ဦးပြည်နယ်နဲ့ ဦးတို့ရန်ပုံငွေရှာရမယ်ဆိုရင် ကောင်းတဲ့ဟာဆိုရင် ယူမယ် အဲ့လိုမျိုးကြီးတော့ တစ်ခုချင်း အလိုက်သိမှပဲ ဆုံးဖြက် ပေးမယ်လေ ခုကတော့ ဘယ်နေရာ ဘာလဲဆိုတာ မသိသေးတော့ ဦးတို့ခုချိန်မှာ ဆုံးဖြက်မပေး နိုင်သေးဘူး ခုလက်ရှိချိန်က လွှတ်တော်အသစ်ဆိုပေမယ့် အစိုးရက အဟောင်းပဲရှိသေးတော့ တစ်ပြည်နယ်လုံး နဲ့ဆိုင်တဲ့ ကိစ္စတွေကို ခုအဖြေမပေးနိုင်သေးဘူးပေါ့ ˝

ရေကာတာစီမံကန်းနှင့်ပတ်သက်ပြီး ဒေသခံပြည်သူတို့၏ စိုးရိမ်ကြောက်ကြမှုကို ဘောလခဲမြို့ခံတဦးက ယခုလိုပြောဆိုသည်။

̏ စီမံကိန်းတစ်ခုလုပ်ပြီဆို ကျနော်တို့မြေယာတွေ ဆုံးရှုံးရတယ် ကျနော်တို့လူနေမှု့ဘဝမြင့်မား လာတာမရှိဘူး အကျိုးခံစားခွင့်မရှိဘူး ဆုံးရှုံးနေရတာတွေပဲ ဒါတွေကို ဘယ်လိုလက်ခံရမှာလဲ နောက်တစ်ခုက ကျနော်တို့ဆိုတာ မငြိမ်းမချမ်းနဲ့ဖြက်သန်းခဲ့ရတာ ခုဆိုငြိမ်းချမ်းဖို့ရောင်နီသန်းလာတုန်း ရှိသေးတယ် ဒီလို စီမံကိန်းတွေ လုပ်ကြည့် လက်နက်ကိုင်တွေ အကြားပြဿနာတွေရှိလာနိုင်တယ် ငြိမ်းချမ်းရေးကိုပါ ထိသွားမယ် ˝

သံလွှင်မြစ်နှင့် ပွန်ချောင်းသည် ပြည်နယ်ထဲမှ ဒေသခံများ၏ အဓိကအမွေအနစ်များဖြစ်သည့်အတွက် အဆိုပါမြစ်ချောင်းများပေါ်သို့ မည်သည့်စီမံကိန်းများ ပြုလုပ်မည်ဆိုပါက ဒေသခံပြည်သူတို့၏ဆန္ဒသဘောထားများရယူပြီး ပွင့်လင်းမြင်သာမှု ဖြင့်သာလုပ်ဆောင်သွားသင့်သည်ဟု ကလျာဏမိတ္တဖောင်ဒေးရှင်းမှ ပြောခွင့်ရမနှင်းအိသွယ်က ယခုလိုအကြံပြုပြောဆိုသွားပါသည်။

̏ အဓိကကတော့ သဘာဝပတ်ဝန်ကျင် ပျက်စီးမယ် ဒီစီမံကိန်းတွေက လူထုတွေအတွက် အကျိုးခံစားခွင့် (၅၀%)ရှိရင်တောင် လူနေမှု့ ဘဝမြင့်မားလာမယ်ဆိုရင်တောင် လက်ခံသင့်မသင့် ထပ်စဉ်းစားရမယ် အဓိကတော့ ပွင့်လင်းမြင်သာမှု့ရှိရမယ် ၊ဒေသခံတွေ သဘောဆန္ဒကို တောင်းခံရမယ် သဘာဝပတ်ဝန်း ကျင် အတွက် အာမခံချက်ရှိရမယ် ဒါတွေမရှိဘဲ ဘယ်စီမံကိန်းကိုမှ ခွင့်မပြုဘူး ကန့်ကွက်တယ် ငြိမ်းချမ်းရေး ကိုလည်း ထိခိုက်လာလိမ့်မယ် ˝

No comments: