Wednesday, April 6, 2016

တပ်က ပြန်လည်ပေးအပ်မည့် အစားထိုးမြေကို ဒေါဆိုရှေ့ရွာသားများ လက်မခံ

ဖြိုးဝေအောင်


အမြောက်တပ်(၃၆၀)မှ တပ်သိမ်းမြေအဖြစ် သိမ်းယူထားသော ကယား(ကရင်နီ)ပြည်နယ် ဒီးမော့ဆိုမြို့နယ် (၆)မိုင်စံပြကျေးရွာအုပ်စုရှိ ဒေါဆိုရှေ့ကျေးရွာ၏ စိုက်ပျိုးမြေ ဧက(၁၂၆၅)အနက် တပ်မှ တပ်အစားထိုးမြေအဖြစ် ပြန်လည်ပေးအပ်မည့် မြေ (၂၄၅) ဧကသည် ရွာသားများလိုအပ်၍ တောင်းဆိုသော မြေယာများမဟုတ်ဘဲ စိုက်ပျိုး မရသော ကျောက်တောင်နှင့် အခြားကျေးရွာမှ ဒေသခံများ လုပ်ကိုင်နေသော မြေယာများဖြစ်သည့်အတွက် လက်မခံနိုင်ကြောင်း ဒေသခံများက ပြောသည်။

ဒေါဆိုရှေ့ကျေးရွာမှ ဦးဆော်ရယ်က “ကျနော်တို့ လက်မခံဘူးဆိုတာ ဒီလိုပါ။ အခုသူတို့ပြန်ပေးတဲ့မြေက ကျောက်တောင်တွေပါ။ စိုက်ပျိုးလို့မရဘူး။ ပြီးတော့ စိုက်ပျိုးလို့ရတဲ့ဟာတွေကလည်း တခြားရွာက လုပ်နေတယ်လေ။ အဲတော့ ကျနော်တို့က ဘယ်လိုလို့ ၀င်ပြီးလုပ်ကိုင်ရမလဲ။ အခုက ရွာသားအချင်းချင်းကို ရန်တိုက်ပေးသလိုဖြစ်နေတယ်။ ပြီးတော့ တစ်ဦးစ နှစ်ဦးစ ပြန်ပေးတယ်လေ။ အဲတော့ ရွာသားတွေကို သွေးခွဲတာနဲ့အတူတူပဲ။ ကျနော်တို့က တရွာလုံးပြန်ရမှ ယူမယ်ပေါ့” ဟု ပြောသည်။

ယခုကဲ့သို့ တပ်မှ ပြန်ပေးမည်ဟုဆိုရာတွင် ယခုတကြိမ်သာမဟုတ်ပဲ ယခင် (၂၀၁၅) ခုနှစ်တွင် ဧက (၄၇၀)ကျော် ပြန်ပေးရန် ရွာသားများကို ခေါ်တွေ့ခဲ့ပေမယ့် အမှန်တကယ် ပြန်ပေးခြင်းမဟုတ်ပဲ ယခု ဧက(၂၀၀) ကျော်ပြန်မည်ဟုဆိုရာတွင်လည်း အယုံအကြည်မရှိကြောင်း ကရင်နီပြည် တောင်သူလယ်သမားသမဂ္ဂ (KSFU)အဖွဲ့ဝင်တစ်ဦးလည်းဖြစ်၊ ဒေါဆိုရှေ့ရွာသားလည်းဖြစ်သည့် ကိုသောမတ်စ်က ပြောသည်။

“အခုက တပ်က စွန့်လွတ်မယ်ပြောတဲ့မြေက ပထမတကြိမ်ကတည်းက ဧကပေါင်း(၄၇၀)ကျော် ပြန်ပေးမယ်လို့ ကြေညာထားတယ်။ စာရွက်စာသားနဲ့ကြေညာထားတယ်။ ဒါမဲ့ ဘာမှ အကောင်အထည်မဖော်ပေးခဲ့ဘူး။” ဟု ပြောသည်။

လက်ရှိပြန်ပေးရန် လုပ်ဆောင်နေသည်ကိုလည်း ရွာသားများနှင့် ဘာမျှတိုင်ပင်ဆွေးနွေးခြင်းမရှိသလို ပြန်ပေးရန် တိုင်းတာနေသော မြေဧက(၂၀၀)ကျော်သည် တပ်သိမ်းသော မြေဧကထဲတွင် မဟုတ်ဘဲ ဆိုလစယ်၊ ဒေါစဲ၊ ဇရပ်ဖြူ၊ နန်းသွေ စသည့် ကျေးရွာများမှ ရွာသူရွာသားများ လုပ်ကိုင်နေသော မြေများပါဝင်နေကြောင်း သိရသည်။

“အခုပြန်ပေးမည်ဆိုတဲ့မြေက ကျောက်တောင်တွေဖြစ်နေတယ်။ ကျနော်တို့ တောင်ယာက တောင်ရဲ့အောက်ပိုင်းမှာရှိတယ်။ အဲကျောက်တောင်ကလည်း အစကတည်း တပ်သိမ်းတဲ့အထဲမှာမပါဘူး။ အဲဒါကို တပ်သိမ်းပါတယ်လို့ လိုက်ပြီးအမည်ခံပြီးမှ ပေးမယ်ဆိုလို့ရှိရင် ကယားပြည်နယ်ကရှိတဲ့တောင်တွေ လိုက်ပတ်ပေးရုံပဲကျန်တာပေါ့။ ပြောချင်တာက သူတို့သိမ်းထားတဲ့ ကျနော်တို့ ယာတွေ တကယ့်အရေးကြီးတဲ့ တောင်ယာတွေ ပြန်ရမှာမဟုတ်ဘူး။” ဟု ကိုသောမတ်စ်က ဆက်ပြောသည်။

ထိုကဲ့သို့ ရွာသားများ အမှန်တကယ်လို အပ်နေသော တောင်းဆိုနေသော မြေယာများကို တပ်မှ ပြန်မပေးဘဲ စိုက်ပျိုးရာသီရောက်လာသည်နှင့်တပြိုင်နက် တပ်ပိုင်းမှ ဘယ်လိုတားမြစ်ခြင်း ရှိနေပါစေ ထွန်ယက်လုပ်ကိုင်စရာရှိသည်ကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရွာသားများက ဆိုသည်။

၎င်း အမြောက်တပ်(၃၆၀)မှ မြေသိမ်းခြင်းကြောင့် ၂၀၁၄ ခုနှစ်တွင် ပိုင်နက်ကျူးလွန်မှုဖြင့် တပ်မှ တောင်သူ(၁၀) ဦးကို တရားဆွဲဆိုခဲ့ပြီး တောင်သူများက ၂၀၁၅ ခုနှစ်တွင် ဒဏ်ငွေပေးဆောင်ခဲ့ရသည်။

No comments: