မျိုးသူအောင်
ရခိုင်ပြည်နယ်အတွင်း လတ်တလောဖြစ်ပွားခဲ့သောဖြစ်ရပ်များနှင့် ပတ်သက်၍ စိုးရိမ်မကင်းဖြစ်ကြောင်း အမေရိကန်သံရုံးက ဧပြီ ၂၀ရက်နေ့ ညနေပိုင်းတွင် အမေရိကန်သံရုံးက ထုတ်ပြန်လိုက်သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် ဧပြီ ၁၉ ရက်က စစ်တွေမြို့နယ်၊ သဲချောင်းအနီး စက်လှေတစ်စင်း နစ်မြုပ်ခဲ့ပြီး လူအများအပြားသေဆုံးခဲ့ရမှုနှင့်ပတ်သက်၍ လည်း စိတ်မကောင်းဖြစ်ရကြောင်း ဖော်ပြထားသည်။
ယင်းထုတ်ပြန်ချက်တွင် "ဒေသခံသတင်းများအရ ရိုဟင်ဂျာ လူမှုအသိုက်အဝန်းများမှဟု သိရှိရသော အသက်ဆုံးရှုံးခဲ့ရသူများ၏ မိသားစုဝင်များနှင့်ထပ်တူ ကြေကွဲဝမ်းနည်းရပါကြောင်း အမေရိကန်ပြည်သူများ ကိုယ်စားမိမိတို့ ပြောကြားလိုပါသည်" ဟု ထည့်သွင်းရေးသားထားသည်။
ရခိုင်ပြည်နယ်အတွင်း ဈေးများသို့သွားရောက်ခြင်း၊ နိစ္စဓူဝဘဝ နှင့် အခြေခံကျသောဆောင်ရွက်မှုများကို ကန့်သတ်ထားခြင်းသည် လူမှုအသိုက်အဝန်းများအတွင်း လူနေမှုဘဝ အရည်အသွေးများတိုးတက်မြင့်မားရေးအတွက် ရုန်းကန်လှုပ်ရှားရာတွင် မလိုလားအပ်သော အန္ထရာယ်များ ဖြစ်စေသည်ဟု သံရုံးထုတ်ပြန်ချက်ကဆိုသည်။
ထို့ပြင် မြန်မာ့တပ်မတော်တပ်ဖွဲ့များနှင့် ရခိုင်တပ်မတော်အကြား မြင့်တက်လာနေသော တိုက်ပွဲများကြောင့် အရပ်သားများ မတရားသဖြင့်ပြုကျင့်ခံရပြီး အသက်ဆုံးရှုံးမှုများ ကြုံတွေ့ရသည်ဟူသော စွပ်စွဲတင်ပြချက်များနှင့် ပတ်သက်၍လည်း မိမိတို့စိုးရိမ်မကင်း ဖြစ်ရကြောင်းလည်း သိရသည်။
ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူလူထုအားလုံးအတွက် အခြေအနေအရပ်ရပ် တိုးတက် ကောင်းမွန်စေရန်နှင့် အချင်းချင်း ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအေးချမ်းရေးတို့ တိုးမြှင့်ရန်အတွက် မြန်မာအစိုးရ၊ နိုင်ငံတကာအသိုက်အဝန်း၊ မြန်မာနိုင်ငံသားများနှင့်အတူ မိမိတို့ အနီးကပ် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမေရိကန် သံရုံးက ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
No comments:
Post a Comment