ဖနိဒါ
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အပစ်အခတ် ရပ်စဲရေးပြီးမြောက်ရန် အားလုံးပါဝင်သင့်သည့် အဖွဲ့အစည်းများ ပါဝင်လာရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟူသော နှစ်သစ်ကူးမိန့်ခွန်းအပေါ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ခေါင်းဆောင်များက ကြိုဆိုလိုက်သည်။
ယခင်အစိုးရနှင့် အပစ်အခတ် လက်မှတ်ရေးထိုးခြင်း မရှိသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၉ ဖွဲ့ပါဝင်သော ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) ၏ ဗဟိုအလုပ်အမှုဆောင် တိုးချဲ့အစည်းအဝေးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရသစ်နှင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးရန်အတွက် ပြင်ဆင်နေသည်။
"သူထောက်ပြတဲ့ အပစ်အခတ် ရပ်စဲရေးမှာ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲမှာ တိုင်းရင်းသားလက်နက်ကိုင် အားလုံး ပါဝင်ရေး ဒါက တော်တ်ေအရေးကြီးတယ်။ ဒို့ရဲ့ ရပ်တည်ချက်နဲ့ အများကြီး ကိုက်ညီတယ်။ အဲဒါကို သူတို့ဘက်ကနေ တွန်းပြီးတော့ တပ်ရဲ့ သဘောထားတွေနဲ့ တပ်အပေါ်မှာ သူတို့က ဘယ်လောက်ထိ လွမ်းမိုးနိုင်မလဲ၊ ကျွန်တော်တို့ဘက်ကတော့ အဲဒါကို သိပ်ပြီးတော့ လိုလားတယ်။ ကျွန်တော်တို့လည်း အဲဒါကို တောင်းဆိုနေတာလေ။ သူတို့ဘက်ကနေ တပ်ကို စွဲဆောင်နိုင်ရင်တော့ အများကြီး အမြန်ကို လုပ်ဖြစ်မယ်လို့ မြင်တယ်။"ဟု နိုင်ဟံသာက ပြောသည်။
အစည်းအဝေးတွင် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့(DPN) လုပ်ဆောင်ချက်များကို UNFCခေါင်းဆောင်များအား တင်ပြကာ ပြန်လည် သုံးသပ်သွားမည် ဖြစ်ကြောင်း သိရသည်။
"ဒေါ်အောင်ဆန်းစုကြည်ပြောတာကို ပြန် ကိုးကားမယ်ဆိုရင် ကျွန်တော်တို့ အစုအဖွဲ့အားလုံး ကြားထဲမှာ ရင်ကြားစေရေးလိုအပ်သလို၊ တပ်မတော်နဲ့ လူထုကြားထဲမှာ ရင်ကြားစေရေးလည်း လိုအပ်တယ်ဆိုတယ်ဆိုတဲ့ ဟာမျိုး ပြောထားတာ ရှိတော့ ကျွန်တော်တို့ နားလည်ချက်နဲ့လည်း သိပ်ကွာဟာတာ မရှိဘူး။ ဥပမာ အစုအဖွဲ့ဆိုရင် နိုင်ငံရေးပါတီ အချင်းချင်းလည်း ဖြစ်နိုင်တယ်။ တပ်မတော်နဲ့ ကျွန်တော်တို့ လက်နက်ကိုင် အဖွဲ့အစည်တွေကြားမှာလည်း ဖြစ်နိုင်တယ်။ လူမျိုးတစ်မျိုးနဲ့တစ်မျိုးကြားရင်ကြားစေရေးလည်း ဖြစ်နိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တိုင်းပြည်အတွင်းမှာ အုပ်စုအားလုံးကွဲနေကြတယ် မဟုတ်လား အားလုံးကွဲနေတဲ့ကြားမှာ ရင်ကြားစေရေး မဖြစ်မနေ လုပ်သင့်တယ်လို့ မြင်တယ်။ " ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ဒုဥက္ကဌ ဦးခူးရယ်ကပြောသည်။
ယခင်အစိုးရ လက်ထက်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့ဖြင့်သာ NCAလက်မှတ်ရေးထိုးနိုင်ခဲ့သော်လည်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ(KNPP)၊ မွန်ပြည်သစ်ပါတီ(MNSP)၊ ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)၊ ပလောင်ပြည် အမျိုးသား လွတ်မြောက်ရေး ပါတီ(PSLF)များ အပါအဝင် UNFC တွင် ပါဝင်သော အဖွဲ့အစည်း ၉ ဖွဲ့နှင့် လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်း မရှိသေးပေ။
No comments:
Post a Comment