ကျော်ဝင်း (ကျောက်ဖြူ)
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၊ အရာရှိရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲတွင် ရွေးချယ် ခံထားရသူကို မကျေနပ်၍ မတ်လ ၂၆ ရက် နေ့လယ် ၁ နာရီခန့်က ရပ်ကွက်သူ ရပ်ကွက်သား လူပေါင်း သုံးဆယ်ကျော်ခန့်က ဆန္ဒဖော်ထုတ် ကန့်ကွက်ခဲ့ကြသည်။
ရပ်ကွက်အုပ်ချုပ်ရေးမှူး အဖြစ် အရွေးချယ်ခံထားရသူ ဦးကျော်ဖြူသည် ၁၉၉၈ခုနှစ်မှ ၂၀၀၆ခုနှစ်ထိ ရပ်ကွက် ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်စဉ် ရှစ်နှစ်တာကာလ အတွင်း ရပ်ကွက်တွင် ငွေကြေးကောက်ခံပြီး ကိုယ်ကျိုး အတွက် အသုံးပြုခဲ့သူဖြစ်တဲ့ အတွက် အုပ်ချုပ်ရေးမှူးအဖြစ်မှ ပယ်ဖျက်ပေးရန် ဆန္ဒဖော်ထုတ်ခြင်းဖြစ်ကြောင်း ဦးဆောင် ဆန္ဒပြသူ ဒေါ်ခင်မြရီက နိရဉ္စရာကို ပြောသည်။
“ ကျမတို့က သူအလွဲသုံးစား လုပ်ခဲ့တဲ့ငွေတွေကို ပြန်ရချင်တာလည်းမဟုတ်ပါဘူး။ သူရပ်ကွက် ဥက္ကဋ္ဌ လုပ်ခဲ့စဉ်တုန်းက ရပ်ကွက်မှာ ဘာမှလည်း မလုပ်ခဲ့တဲ့အတွက် ရပ်ကွက်ပိုမဆိုးလာအောင် ကန့်ကွက် ဆန္ဒပြရတာ ဖြစ်ပါတယ်” ဒေါ်ခင်မြရီက ပြောသည်။
သူရပ်ကွက် ဥက္ကဌ တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း မီးသတ်ကား အတွက်ဟုဆိုကာ ငွေကျပ် ၃၀၀၀ မှ ၅၀၀၀ ကျပ်ထိ ကောက်ခံခဲ့ကြောင်း၊ ရပ်ကွက်ရုံးအတွက် ဟုဆိုကာ တစ်အိမ်ထောင် ကျပ် ၃၅၀၀ ကောက်ခံ ခဲ့ကြောင်း၊ သို့သော်လည်း ၎င်းငွေများမှာ ပျောက်ဆုံးနေကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက် လုပ်ကိုင်ခဲ့ခြင်းကို မကြိုက်နှစ်သက်သဖြင့် ဆန္ဒဖော်ထုတ်တာဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။
ဆန္ဒပြသူများသည် အရာရှိရပ်ကွက်ဖြတ်လမ်း(၄)တွင် လူစုဝေးပြီး ငလပွေ့လမ်း၊ ဦးဥတ္တမလမ်း၊ အကျဉ်းထောင် လမ်းမှ တစ်ဆင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့သို့ထိ လမ်းလျှောက်ကာ ဆန္ဒဖော်ထုတ် ခဲ့ကြသည်ဟု သိရသည်။
ဆန္ဒဖော်သူများသည် လမ်းလျှောက် ဆန္ဒဖော်ထုတ်စဉ်အတွင်း မတရားသောနည်းလမ်းဖြင့် အုပ်ချုပ်ရေးမှူး ဖြစ်နေခြင်းကြောင့် တရားသော နည်းလမ်းဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးပြန်လည်ရွေးပေးရန်၊ အရာရှိရပ်ကွက် ရယက ရုံးဟောင်းနှင့် ရုံးဆောက်ရန် ပစ္စည်းများ ပျောက်ဆုံးနေသည်မှာ (၁၄)နှစ်ရှိနေခြင်း၊ ဘက်လိုက်ခြင်းဖြင့် အုပ်ချုပ်ရေးမှူး မခန့်ပေးရေး၊ အရွေးခံထားသော အုပ်ချုပ်ရေးမှူးအား အလိုမရှိ စသည့် ပိုစတာများကို ကိုင်ဆောင် ထားခဲ့ကြသည်။
ကျောက်ဖြူမြို့၊ အရပ်ရှိရပ်ကွက်တွင် အိမ်ခြေပေါင်း(၈၀၀)ကျော်ခန့်ရှိပြီး များမကြာမီက ပြုလုပ်ခဲ့သော အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲတွင် ဦးကျော်ဖြူ (၄၅)မဲ၊ လက်ရှိအုပ်ချုပ်ရေးမှူး ဦးဇော်လွင်(၂၁)မဲ၊ ဦးစိုးဝင်း(၆)မဲ၊ ပယ်မဲ(၁)မဲဖြင့် ဦးကျော်ဖြူ ရွေးချယ်ခံထားရသည်။
ဆန္ဒပြခံရခြင်းနှင့်ပတ်သက်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်ခံထားရသူ ဦးကျော်ဖြူ ဆက်သွယ် မေးမြန်းခဲ့ရာ မဲရှုံးခဲ့သူ လက်ရှိ အုပ်ချုပ်ရေးမှူး ဦးဇော်လွှင် မှ သူ့လက်ထက်တွင် လုပ်ကိုင် ဆောင်ရွက်ခဲ့သည့် ပြဿနာများကို ဖုံးကွယ်ရန်ကြိုးစားလို၍ ဆန္ဒပြခိုင်းခြင်း ဖြစ်ကြောင်း၊ သူတို့စွပ်စွဲသလို မဟုတ်မှန်ကြောင်းနှင့် ရပ်မိမှရပ်မိရပ်ဖတွေကို မေးမြန်းနိုင်ပါကြောင်း နိရဉ္စရာသို့ ပြောသည်။
“ လက်ရှိအုပ်ချုပ်ရေးမှူး လက်ထက်မှာ လုပ်ခဲ့တဲ့ပြသနာတွေကို ပေါ်လာမှာ စိုးရိမ်လို့ ဆန္ဒပြခိုင်းခြင်း ဖြစ်တယ်။ သူတို့ စွပ်စွဲသလို ဘာမှမဟုတ်ပါ။ ကျနော်လုပ်ခဲ့တယ်၊ မလုပ်ခဲ့ဘူးဆိုတာကို ရပ်မိ၊ ရပ်ဖလူကြီးတွေကိုလည်း မေးမြန်းနိုင်ပါတယ်” ဟု ဦးကျော်ဖြူ က ပြောသည်။
ဆန္ဒပြခံရခြင်းနှင့်ပတ်သက်ပြီး မိသားစုများ၊ ရှေ့နေများနှင့်တိုင်ပင်ကာ လိုအပ်သည်များကို ဆက်လက် ဆောင်ရွက်သွားမည် ဦးကျော်ဖြူက ပြောကြားခဲ့သည်။

No comments:
Post a Comment