Saturday, April 9, 2016

နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးနိုင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည် ကြိုးပမ်းမည်

မျိုးသူအောင်

နှစ်သစ်ကူးအခါသမယအတွင်း နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးနိုင်ရေး ကြိုးပမ်းသွားမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဧပြီ ၇ ရက်နေ့တွင် ကြေညာလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ရေးထိုး၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး၏ စာအမှတ် ၁/၂၀၁၆ အနေဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများ၊ နိုင်ငံရေးနှင့် ပတ်သက်ဆက်နွယ်ပြီးအမှုရင်ဆိုင်နေရသည့် ကျောင်းသားကျောင်းသူများလွတ်မြောက်ရေးသည် အစိုးရသစ်၏ ဦးစားပေးလုပ်ငန်းတစ်ခု ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၄ ပုဒ်မခွဲ(က)အရ နိုင်ငံတော်သမ္မတသည် လွှတ်ငြိမ်းချမ်းသာခွင့် ပေးပိုင်ခွင့်ရှိပြီး ပြစ်ဒဏ်ကျခံနေရသူ တစ်ဦးကို ဖြစ်စေ၊ တစ်ဖွဲ့ကို ဖြစ်စေ၊ အများကို ဖြစ်စေ လွတ်ငြိမ်းချမ်းသာခွင့် ပေးပိုင်ခွင့်ရှိသည်ဟု ပြဌာန်းထားသည့်အပြင် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ့(၁)တွင် နိုင်င့တော်သမ္မတသည် ပြစ်ဒဏ်ကျခံနေရသူအား စည်းကမ်းချက်ထား၍ဖြစ်စေ၊ စည်းကမ်းချက်မထားပဲ ဖြစ်စေ လွတ်ငြိမ်းချမ်းသာခွင့်ပေးနိုင်သည်ဟု ပြဌာန်းထားသည်။

ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၄၉၄အရ မည်သည့်အစိုးရရှေ့နေမဆို စစ်ဆေးစီရင်သောအမှုများတွင် စီရင်ချက်မချမှီ လူတစ်ဦးကို ၎င်းအပေါ်ဆွဲဆိုထားသောအမှုမှ ယေဘူယျအားဖြင့် ဖြစ်စေ၊ ၎င်းကိုကြားနာ စစ်ဆေးနေသောပြစ်မှုများအနက် ပြစ်မှုတစ်ရပ်နှင့် စပ်လျဉ်း၍ဖြစ်စေ၊ ပြစ်မှုအများနှင့် စပ်လျဉ်း၍ဖြစ်စေ တရားရုံး၏ သဘောတူညီမှုဖြင့် ရုတ်သိမ်းနိုင်သည်ဟု ပြဌာန်းထားသည်။

နှစ်သစ်ကူးအခါသမယတွင် နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများ၊ နိုင်ငံရေးနှင့် ပတ်သက်ဆက်နွယ်ပြီးအမှုရင်ဆိုင်နေရသည့် ကျောင်းသားကျောင်းသူများ လွတ်မြောက်ရေးအတွက် ယင်းနည်းလမ်းများကို အသုံးပြု၍ ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ကြေညာခဲ့သည်။

No comments: