ကျော်ဝင်း (ကျောက်ဖြူ)
မြောက်ဦးမြို့ မြတန်ဆောင် ဆရာတော် ဦးဆောင်၍ ယနေ့ ကျောက်ဖြူမြို့တွင် လူထု ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်ခဲ့ရာ ဆန္ဒဖော်ထုတ်သူများက အချက် (၅) ချက်ကို တောင်းဆိုခဲ့ကြသည်။
ဆန္ဒပြသူများတောင်းဆိုသည့် အချက် (၅) ချက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ပါဝင်နိုင်ရေး၊ တိုင်းရင်းသား ဒေသများတွင် ထိုးစစ်ဆင်မှုရပ်တန့်ပေးရေး၊ သံသယဖြင့် ဖမ်းဆီး ထောင်ချခံထားရသူများအား လွှတ်ပေးရေး၊ ရခိုင်ပြည်နယ်အနှံ့ သံသယဖြင့် ဖမ်းဆီးခံရသူများကို တရားဥပဒေနှင့် အညီ ဖော်ဆောင်ပေးရေး၊ သံသယဖြင့် ဖမ်းဆီးခြင်းများ ရပ်တန့်ပေးရေးတို့ ဖြစ်ကြသည်။
ဆန္ဒဖော်ထုတ်ပွဲတွင် လူပေါင်း ၃၀၀ ကျော် ပူးပေါင်းပါဝင်ခဲ့ပြီး “ ကျွန်ုပ်တို့သည် မတရားဖမ်းဆီးခံရသူများဖြစ်သည်” စသည့် စာသားပါပိုစတာများကိုကိုင်ဆောင်ပြီး ကျောက်ဖြူမြို့ ဘုရားကြီးတောင်ကွင်း၌ စုဝေးကြပြီး ယင်းနေရာမှတဆင့် ကညင်တောလမ်း၊ ဗိုလ်ချုပ်လမ်း အတိုင်းလမ်းလျှောက်ဆန္ဒပြခဲ့ကြသည်။
ကျောက်ဖြူမြို့လယ် နာရီစင်ကွင်းတွင် ရပ်တန့်ကာ ဆန္ဒပြရတဲ့အကြောင်းအရင်းကို ဟောပြောခဲ့ကြသည်။
ဦးဆောင်ဆန္ဒပြသူ မြတန်ဆောင် ဆရာတော် ဦးနန္ဒသာရက ပြည်တွင်း စစ်ရပ်စဲရေး၊ တိုင်းရင်းသားများကို တန်းတူ ရည်တူ သဘောထား ဆက်ဆံရေး၊ ရက္ခိုင့်တပ်မတော်နှင့် ဆက်စပ်မှုသံသယဖြင့် ဖမ်းဆီးခံထားရသည့် ကျောက်ဖြူကျေးလက်ဒေသဖွံ့ဖြိုးရေးအသင်း ဥက္ကဌ ဦးမောင်အေး အပါဝင် ရခိုင်ပြည်အနှံ့ ဖမ်းဆီး ခံရသူများ လွတ်မြောက်ရေး စသည့် အကြောင်းအရာများကို ဟောပြောခဲ့သည်။
၎င်းပြင် ဆရာတော်က ” ရက္ခိုင့်တပ်မတော်နဲ့ဆက်စပ်မှုသံသယနဲ့ ဖမ်းဆီးထားသူလူငယ်လေးတွေကို အမြန်ဆုံးလွှတ်ပေးစေချင်ပါတယ်။ လူငယ်လေးတွေရဲ့ အချိန်တွေကို ထောင်ထဲမှာ ကုန်ဆုံးသွားတာမျိုးမဖြစ်စေချင်ပါ။ ရက္ခိုင့်တပ်မတော်ကို တူတူတန်တန် ဖိတ်ခေါ်ပြီးတော့ ဆွေးနွေးအဖြေရှာစေချင်ပါတယ်။ ရက္ခိုင့်တပ်မတော်နဲ့ ဆက်စပ်မှု သံသယနဲ့ ဖမ်းဆီးခံရသူတွေကို အမြန်ဆုံးလွှတ်ပေးစေချင်ပါတယ်”ဟု မြတန်ဆောင် ဆရာတော် ဦးနန္ဒသာရ က နိရဉ္စရာသို့ ပြောဆိုသည်။
အထူးသဖြင့် ဖမ်းဆီးခံထားရသည့် ကျောက်ဖြူကျေးလက်ဒေသဖွံ့ဖြိုးရေးအသင်းဥက္ကဌ ဦးမောင်အေး သည် ကျောက်ဖြူဒေသအတွက် အစားထိုးမရသော သူတစ်ဦးဖြစ်ကြောင်း၊ သူ့တွင် တစ်စုံတစ်ရာ အပြစ်မရှိကြောင်း၊ လယ်ယာမြေအရေးနဲ့ လျော်ကြေးရရှိရေးအတွက် ဦးဆောင်ပြီးလုပ်နေသူတစ်ဦးသာဖြစ်ကြောင်း၊ သူ့ကို ဖမ်းဆီးခြင်းသည် မတရားသဖြင့် ဖမ်းဆီးခြင်း ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

No comments:
Post a Comment