Tuesday, April 19, 2016

ကယား(ကရင်နီ)ပြည်နယ်တွင် အမျိုးသမီးများ နိုင်ငံရေးပါဝင်မှု အားနည်းလျက်ရှိ

ထျိုးမြာ

ကယား(ကရင်နီ)ပြည်နယ်သည် တစ်ခြားတိုင်းနှင့်ပြည်နယ်ထက်စာလျှင် အမျိုးသမီးများနိုင်ငံရေးပိုင်းတွင် ပါဝင်လုပ်ရှားမှု အလွန်အားနည်းသောဖြစ်နယ်ဖြစ်သည်ဟု ကရင်နီအမျိုးသမီးအစည်းအရုံးအဖွဲ့မှ ကြီးကြပ်ရေးမှူး ဒေါ်အေးအေးစိုးက ပြောသွားသည်။

“ ကယားပြည်နယ်မှာ အမျိုးသမီးတွေ နိုင်ငံရေးပါဝင်မှုနှုန်းကတော့ မရှိသလောက်ကိုနည်းတယ် အမျိုးသမီးတွေကို ပိုပြီးတော့ခွဲခြားဖိနှိပ်ထားတာတွေကများတယ် ” ဟု၎င်းကပြောသွားသည်။

ကယား(ကရင်နီ)ပြည်နယ်သည် အမျိုးသမီးများအတွက် တရားဥပဒေစိုးမိုးမှု မရှိသောပြည်နယ်ဖြစ်သည့်အပြင် ဥပဒေပိုင်းတွင်လည်း အကာအကွယ်ပေးထားခြင်း မရှိသောကြောင့် အမျိုးသားများထက်စာလျှင်အမျိုးသမီးများသည် များစွာအခွင့်အရေး ဆုံးရှုံးသည်ဟု ဒေါ်အေးအေးစိုးကဆက်လက် ပြောပြသွားသည်။

မြို့နယ် ၁၀ ခုရှိပြီး လူဦးရေ ၂ သန်းကျော်နေထိုင်လျှက်ရှိသည့် မွန်ပြည်နယ်တွင်မူ ယခုဒုတိယအကြိမ်လွှတ်တော်တွင် လွှတ်တော် အမျိုးသမီး လွှတ်တော်ဥက္ကဌဖြစ်လာပြီး ပြီးခဲ့သည့် ရွှေးကောက်ပွဲမတိုင်မီက အမျိုးသမီးပါတီ (မွန်) ဟူသည့်အမည်ဖြင့် မြန်မာနိုင်ငံတွင် ပထမဆုံးသော အမျိုးသမီးပါတီဖွဲ့စည်းခဲ့သည်ကို တွေ့ရသည်။

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) မှ ဒေါ်ခင်မျိုးမြင့်က“ ကျမကိုယ်တိုင်လည်း မွန်လူမျိုးဆိုတော့ အမျိုးသမီးတွေအတွက်လုပ်ပေးရမှာပေါ့ ပိုပြီးတော့ လည်းလုပ်မှာ အခုလိုကိုယ်စားလှည်ဖြစ်တော့ အမျိုးသမီးကဏ္ဍကို ရှေ့တန်းတင်လုပ်ပေးရမှာပေါ့ ” ဟူ၍ ပြောသွားသည်။

ယခင်အမျိုးသမီးမပါခဲ့ဖူးသော မွန်ပြည်နယ်လွတ်တော်တွင်လည်း အမျိုးသမီးခြောက်ဦးပါလာကြောင်း နှင့် “တိုင်းနဲ့ပြည်နယ်ထဲမှာလည်း အမျိုးသမီးဥက္ကဌဆို ဒီတစ်ယောက်ပဲရှိတယ် ကျမတို့မွန်ပြည်နယ်အနေနဲ့ အမျိုးသမီးတွေနိုင်ငံရေးမှာ ပါတော့ပါလာပြီပေါ့နော သို့သော် ပြည့်ပြည့်ဝဝကြီးတော့ မဟုတ်သေးပါဘူး အစိုးရအသစ်မှာတော့ အမျိုးသမီးတွေကို အမျိုးသားတွေနဲ့အခွင့်အရေးတန်းတူရနိုင်အောင်လုပ်ပေးနိုင်မယ်လို့ယုံကြည်ပါတယ် ” ဟု ဒေါ်ခင်မျိုးမြင့်က ဆက်လက်ပြောသွားသည်။

NLD ပါတီကိုယ်စားလှယ်အများစုဖြစ်သည့် လက်ရှိကယားပြည်နယ်လွတ်တော်တွင် အမျိုးသမီးအရေးအတွက် လုပ်ရှားပေးနေသော ကယား(ကရင်နီ)ပြည်နယ်တွင်းရှိ အရပ်ဘက်အဖွဲ့အစည်းများ၏ မျှော်လင့်ချက်ကိုလည်း ယခုကဲ့သို့ ပြောပြသည်။

“ ခုဆိုရင် လွတ်တော်ထဲမှာလည်း အမျိုးသမီးတွေပါလာပြီဆိုတော့ သူတို့က လွတ်တော်ထဲမှာ အမျိုးသမိးတွေအတွက် အရင်ကထက်တော့ အတိုင်းအတာတစ်ခုထိတော့ လုပ်ဆောင်နိုင်ပေးလိမ့်မယ်လို့မျော်လင့်တယ် ” ဟုပြောသွားသည်။

ကယား(ကရင်နီ)ပြည်နယ်ရှိ အမျိုးသမီးများသည် ယခုချိန်ထိ ရိုးရာဓလေ့များကြောင့် ဖိနှိပ်ခံရမှုများ ရှိနေသည်ဟု ပြောသည်။

လက်ရှိကယား(ကရင်နီ)ပြည်နယ်တွင် အမျိုးသမီးများအတွက် လုပ်ရှားပေးသော အဖွဲ့အစည်းများအနေဖြင့် KYWO ( Kayan Women Organization) ၊KnWO ( Karenni Women Organization)၊ BWU ( Burma Women of Union)၊FWA ( Future of Woman Assoication)၊ WSH( Woman Safe House) ဟူ၍ ငါးဖွဲရှိကြောင်းသိရသည်။

ကယား(ကရင်နီ)ပြည်နယ်တွင် လွိုင်ကော် ၊ ဒီမော့ဆို ၊ ဖရူဆို ၊ ဘောလခဲ ၊ ဖာဆောင်း ၊ ရှားတော ၊ မယ်စဲ့မြို့နယ်ဟူ၍ ခုနှစ်မြို့နယ်ရှိပြီး ၂၀၁၄ ကယားပြည်နယ် သန်ခေါင်စာရင်းစစ်တမ်းအရ ကယားပြည်နယ်သည် လူဦးရေစုစုပေါင်း ၂၈၆၆၂၇ ရှိကြောင်းသိရသည်။

No comments: