Wednesday, April 6, 2016

အစိုးရသစ်နှင့်တွေ့ဆုံရန် ကနေဒါနိုင်ငံခြားရေးဝန်ကြီး လာရောက်မည်

မဇ္ဈိမ

ကနေဒါနိုင်ငံခြားရေးဝန်ကြီး Stephane Dion က မြန်မာအစိုးရသစ်နှင့် တွေ့ဆုံရန် နှစ်ရက်တာလာရောက်မည်ဖြစ်ကြောင်း ရန်ကုန်ရှိ ကနေဒါသံရုံးက ထုတ်ပြန်သည်။ ယနေ့ ဧပြီ ၆ ရက်- ၈ ရက်တို့တွင် နိုင်ငံခြားရေးဝန်ကြီး Dion လာရောက်မည်ဖြစ်သည်။

 "မြန်မာနိုင်ငံရဲ့ သမိုင်းမှတ်တိုင်စိုက်ထူနိုင်မှုအပေါ် Dion က စိတ်ဝင်တစားရှိတယ်။ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်မယူမီက Dion အနေနဲ့ ကနေဒါနိုင်ငံမှာ ပြည်တွင်းအုပ်ချုပ်ရေးရာနဲ့ ဖက်ဒရယ်ပြည်နယ်များ စည်းလုံးရေးကိစ္စရပ်တွေကို လုပ်ကိုင်ခဲ့ရသူဖြစ်ပါတယ်။ ဒါပြင် ကနေဒါမှာ ကျင်းပတဲ့ ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲရေးညီလာခံမှာ ပတ်ဝန်းကျင်ရေးရာဝန်ကြီးအဖြစ်လည်း သဘာပတိလုပ်ခဲ့သူပါ။ လစ်ဘရယ်ပါတီရဲ့ ခေါင်းဆောင်အဖြစ်လည်း တာဝန်ယူဖူးသူတစ်ဦးပါ။"ဟု သံရုံ၏ ဖေ့ဘုတ်စာမျက်နှာတွင် ရေးသားထားသည်။ ကနေဒါသံရုံး သံအမတ်ကြီး Mark McDowell က "ကျွန်တော်တို့ ဝန်ကြီးအနေနဲ့ နေပြည်တော်မှာ သမ္မတဦးထင်ကျော်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့လည်း တွေ့မှာဖြစ်ပါတယ်။ ပြည်သူလွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ရှိ နိုင်ငံတကာဆက်ဆံရေးကော်မတီတွေနဲ့လည်း တွေ့ဆုံသွားမှာပါ။ ရန်ကုန်မှာ သံရုံးမိတ်ဆွေတွေ၊ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ တွေ့ဆုံသွားဖို့ရှိပါတယ်။"ဟု ပြောသည်။

ကနေဒါနိုင်ငံသည်လည်း မကြာသေးမီကမှ အစိုးရအပြောင်းအလဲဖြစ်သည့် နိုင်ငံဖြစ်သည်။ ၂၀၁၅ နိုဝင်ဘာလအတွင်း ဝန်ကြီးချုပ် Justin Trudeau က ရာထူးလက်ခံကာ အစိုးရအပြောင်းအလဲဖြစ်ခဲ့သည်။

No comments: