Thursday, April 7, 2016

အစိုးရအဖွဲ့မှ တင်သွင်းသည့် ဥပဒေကြမ်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြင်ဆင်ဖြည့်စွက်ခြင်း ပြုလုပ်၍မရဟု ဝန်ကြီးချုပ်ပြော

မျိုးသူအောင်

အစိုးရမှ တင်သွင်းလာသော ဥပဒေကြမ်းများအား လွှတ်တော်ကိုယ်စားလှယ်များက ပြင်ဆင်ခြင်း ဖြည့်စွက် ခြင်းပြုလုပ်၍ မရဟု ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တိုင်းလွှတ်တော်တွင် ပြောကြားလိုက်သည်။

တိုင်းအစိုးရတင်သွင်းသည့် ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး ဒေသန္တရ ဥပဒေကြမ်းအား အတည်ပြုရန် လွှတ်တော်၏ အတည်ပြုချက်ရ ယူရာတွင် မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးရန်ရှင်းက ပြင်ဆင်ဖြည့်စွက်ရန် ဆွေးနွေးခဲ့ပြီး လွှတ်တော်ဒုတိယဥက္ကဌနှင့် လွှတ်တော်ကိုယ်စားလှယ် အချို့ကထောက်ခံဆွေးနွေးခဲ့သည့် အတွက် ဝန်ကြီးချုပ်က ပြောကြားခြင်းလည်းဖြစ်သည်။

" ဒီဥပဒေဟာ အစိုးရအဖွဲ့ကပဲ ပြင်ဆင်ခွင့်ရှိပါတယ်။ ဒီဥပဒေဟာ လွှတ်တော်က ပြင်ဆင်ခွင့်မရှိပါဘူး။ ဒါ ကြောင့် မို့လို ဒါဟာ အစိုးရအဖွဲ့ ၀န်ကြီးတင်သွင်းလာတဲ့အပေါ်မှာပဲ မဲခွဲဆုံးဖြတ် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက် ကနေ အဆိုပြု မဲခွဲဆုံးဖြတ်နိုင်ခြင်းမရှိပါဘူး"ဟု ရန်ကုန်တိုင်း ၀န်ကြီး ချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

ကမ္ဘာအေး ဘုရားလမ်းနှင့် ပါရမီလမ်းဆုံ ခုံးကျော်တံတားနှင့် မြောက်ဥက္ကလာပ လမ်းဆုံ ခုံးကျော် တံတားဆောက်လုပ်ရန် လျာထားသည့် ငွေကို ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နမိတ်ပြင်ပရှိ မြို့နယ် များနှင့် ကျေးရွာများ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် ဆိုသည့်နေရာ တွင် ရန်ကုန်မြို့ တော် စည်ပင်သာယာရေး နယ်နမိတ်အတွင်းအပြင်ဟု ပြင်ဆင်ရန် ဦးရန်ရှင်းဆွးနွေးခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ဆွေးနွေးချက်အပေါ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဌ ဦးလင်းနိုင်မြင့်က ထောက်ခံခဲ့ပြီး အဆိုအား မဲခွဲဆုံးဖြတ်ရန် လွှတ်တော် ဥက္ကဌကို တင်ပြခဲ့သည်။

ယင်းသို့ဆွေးနွေးတင်ပြသည့်အပေါ် ယခု ဥပဒေကြမ်းသည့် ရန်ကုန်တိုင်းအစိုးရအဖွဲ့က တင်သွင်းသည့် ဥပဒေ ဖြစ်သည့်အတွက် ဥပဒေပါ စကားရပ်များကို ဖြည့် စွက် ပြင်ဆင်ရန် လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် အဆိုပြု၍မရကြောင်းနှင့် ရန်ကုန်တိုင်းလွှတ်တော် စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေး ကော် မတီက သုံးသပ် ထားသည့် အစီရင်ခံစာနှင့် ချိန်ဆ၍ ဥပဒေကြမ်း အားထောက်ခံမထောက်ခံသာ မဲခွဲဆုံးဖြတ်ရန် ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက လွှတ်တော်ဥက္ကဌသို့ တင်ပြခဲ့သည်။

အဆိုပါ ဥပဒေကြမ်းအား အတည်ပြုနိုင်ရန် လွှတ်တော်၏အဆုံးအဖြတ်ရယူရာတွင် ကန့်ကွက်သူနည်းသဖြင့် ကော်မတီက အကြံပြုထားသည့် ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နမိတ်ပြင်ပရှိ မြို့နယ်များနှင့် ကျေးရွာများ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက်ဆိုသည့် ဖော်ပြချက်ဖြင့်သာ လွှတ်တော်က အတည်ပြုခဲ့သည်။

No comments: