Monday, April 18, 2016

ဝမ့်ဟိုင်း ဌာနချုပ် ဘက်သို့ အစိုးရတပ်များ အင်အား အလုံးအရင်း ပို့ဆောင်နေ

SHAN


သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း အခြေစိုက်နေထိုင်သည့် သျှမ်းပြည် တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/ SSA ဝမ့်ဟိုင်းဌာနချုပ်ဘက်သို့ ယမန်နေ့ ဧပြီ ၅ ရက်နေ့မှ စ၍ အစိုးရ တပ်များအင်အား အလုံးအရင်း ပို့ဆောင်နေသောကြောင့် တိုက်ပွဲပြန်လည်ဖြစ်ပွားမည်ကို ဒေသခံများ စိုးရိမ်နေကြသည်။

စစ်သည်အပြည့် တင်ဆောင်သည့် စစ်ယာဉ်တန်းကြီးများသည် ယမန်နေ့ညက ၁၅ စီး၊ ယနေ့ ၁၆ စီး ခိုလမ်မြို့မှ မိုင်းနောင်မြို့သို့ ဦးတည်သွားနေကြောင်း၊ ခိုလမ်၊ ကွန်ဟိန်း၊ ကာလိ မှ မိုင်းစံ – မိုင်းရှူးဘက် သွားသည့် စစ်ယာဉ်တန်း ၅၂ စီးအနက် ယနေ့နံနက် ၄၇ စီး ကာလိမြို့ မြောက်ဘက် ၇ မိုင်အကွာ ဟောင်လိတ်ကျေးရွာလွန်ကာ မိုင်းစံမြို့သို့ ဦးတည် နေကြောင်း၊ ဝမ့်ဟိုင်းဘက်ဦးတည်သည့် တပ်မတော် လက်နက်ကိုင်အင်အား ၇၀၀ ခန့် ရှိကြောင်း ခိုလမ်ဒေသခံများ က ပြောသည်။

“ကျနော်တို့သဘောတူထားတာ မိုင်းရှူး၊ မိုင်းနောင်ဒေသ အတွင်း လှုပ်ရှားတဲ့ နှစ်ဘက်တပ် အားလုံး ဆုတ်ရမယ်။ ဒါပေမယ့်သူတို့က အကုန်မဆုတ်ဘူး။ ကျနော်တို့ဆီ ပေးပို့လာတဲ့ သတင်းက သူတို့ တပ် ပြောင်းတယ်ဆိုဘဲ။ ကျနော်တို့ လူကြီး တချို့ နဲ့ ဂျီဝမ်း နဲ့ အတူ ဝမ်ဆော့မှာ သွားရောက်စစ်ဆေး နေတယ်” – ဟု ဌာနချုပ် အရာရှိ တဦးကပြော သည်။

သီးခြားအတည်ပြုချက်မရသေးသည့်သတင်းအရ သျှမ်းပြည်တပ်မတော်ဌာနချုပ်ဘက် ရောက်ရှိလာသည့် တပ်မတော်စစ်ယာဉ်တန်းကြီးများသည် သျှမ်းပြည်မြောက်ပိုင်းမှတောင် ပိုင်းတို့ ပြောင်းရွေ့လာသည့် မကွေးတိုင်း အင်းမ အခြေစိုက် တပ်မ ၆၆ လက်အောက်ခံ တပ်ရင်းများ ဖြစ်သည်ဟုဆိုသည်။

“၂၀၁၂ အပစ်ရပ်ကာလ က စပြီး ဖြစ်တဲ့ တိုက်ပွဲတိုင်းက သျှမ်းပြည်ထဲက တပ်တွေဘဲ။ အခု သတင်းရတာ တပ်မ ၆၆ ဆိုတော့ စစ်ရေးအရ သာမာန်တပ်ချိန်းတာ မဟုတ်နိုင်ဘူး။ အရင် ကလဲ တပ်ပြောင်းမယ်ဆိုပြီး ဖြတ်သန်းသွားလာခွင့်တောင်းတယ်။ ပြီးတော့ ကျနော်တို့ တပ် စခန်းတွေကို တက်တိုက် တယ်။ ဒါ့ကြောင့် ဘာဘဲပြောပြော ကျနော်တို့လဲ စစ်ရေး အသင့် လုပ်ထားရတယ်” – ဟု SSPP/SSA ရှေ့တန်းတပ်မှူးကြီး တဦး က ပြောသည်။

၂၀၁၄ နှစ်နှောင်းပိုင်းက တာဖါဆောင်တပ်စခန်းအားလည်းကောင်း၊ ၂၀၁၅ နှစ်နှောင်း ပိုင်းက ဝမ့်ဟိုင်းဌာနချုပ်တောင်ဘက် မိုင်းနောင် – မိုင်းရှူးကားလမ်းတောင်ဘက်ခြမ်း အား လည်းကောင်း တပ်အပြောင်းအလဲ ပြုလုပ်မည်ဟုဆိုကာ အင်အားဖြည့်တိုက်ခိုက် သိမ်းပိုက် ခဲ့သည်။


မိုင်းနောင် – မိုင်းရှူးကားလမ်းတောင်ဘက်ခြမ်းတိုက်ပွဲကြောင့် ဒေသခံလူထု သောင်းကျော် နေရပ်မှ စွန့်ခွါခဲ့ရသည်။ ယနေ့တိုင် ဟိုင်းပါ ဒုက္ခသည်စခန်း၌ စစ်ဘေးရှောင် တထောင် ကျော်ခိုလှုံနေဆဲ ဖြစ်သည်။ ဖြစ်ပွားသော တိုက်ပွဲကြောင့် ဒေသခံ လူထု တသိန်းနီးပါး ၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီး မဲပေးသည့် အခွင့်အရေးများ ဆုံးရှုံးခဲ့ရသည်။

သျှမ်းပြည်တပ်မတော် SSPP/SSA သည် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးရန် အဆင်သင့်မဖြစ်သေးဟုဆိုသော်လည်း ၂၀၁၂ ခုနှစ်က ပြည်နယ် အဆင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ရေးထိုးထားသည့် သျှမ်း လက်နက်ကိုင်တပ် တခုဖြစ်သည်

No comments: