Saturday, April 9, 2016

ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးခန့်ရာတွင် မကျေနပ်၍ တစ်ကိုယ်တော် ဆန္ဒပြ

အောင်ကိုဦး

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ ၇ မိုင်၊ ချမ်းသာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးခန့်အပ်ရာတွင် ကျေနပ်မှုမရှိသောကြောင့် ဧပြီ ၇ ရက်၊မွန်းလွဲ ၂ နာရီက သပိတ်ကျင်းမြို့နယ်၊အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ဦးထိန်လင်းက တစ်ကိုယ်တော်ဆန္ဒပြ၍ ကန့်ကွက်ခဲ့သည်။

ထိုသို့တစ်ကိုယ်တော်ကန့်ကွက် ဆန္ဒပြတောင်းဆိုသည်ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးမှ ရှင်းလင်းခြင်းမရှိပါက ၇ မိုင်၊ချမ်းသာကျေးရွာအုပ်စုရှိ ဒေသခံအားလုံးက သပိတ်ကျင်းမြို့ပေါ်တက် ဆန္ဒဖော် ထုတ်တောင်းဆိုသွားမည်ဟု တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်နေသူ ဦးထိန်လင်းကဆိုသည်။

"မကြိုက်လို့ တစ်ရွာလုံးက ကန့်ကွက်နေတာကို မြို့နယ်အုပ်ချုပ်ရေးမှူးက လက်မှတ်ထိုးပြီးခန့်လိုက်တယ်။ဒါကိုမကျေနပ်လို့ တစ်ရွာလုံးကိုယ်စား တစ်ကိုယ်တော်ပြတာပဲ။ဖြေရှင်းမပေးဘူးဆိုရင် တစ်ရွာလုံး ပြသွားမှာပဲ။" ဟု ဦးထိန်းလင်းကပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ သပိတ်ကျင်းမြို့နယ်၊အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ ဆက်သွယ်မေးမြန်းရာတွင် အုပ်ချုပ်ရေးမှူးဟုဆိုသူက ၎င်းတို့အနေဖြင့် ဥပဒေနှင့် အညီအသိအမှတ်ပြုပေးခြင်းဖြစ် သည်ဟု ပြန်လည်ဖြေကြားသည်။

No comments: