ကျော်ဝင်း (ကျောက်ဖြူ)
ရခိုင်ပြည်နယ် ရမ်းဗြဲကျွန်းတွင် တည်ဆောက်ရန်စီစဉ်နေသော အထူးစီးပွားရေးဇုန်စီမံကိန်းနှင့်ပတ်သက်၍ ဒေသခံ ပြည်သူ လူထု၏ လုံခြုံမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို တာဝန်ခံနိုင်သော ဥပဒေများ မရှိသမျှကာလပတ်လုံး မည်သည့် စီမံကိန်းကိုမှ လက်ခံနိုင်မည် မဟုတ်ကြောင်း ကျောက်ဖြူကျေးလက်ဒေသဖွံ့ဖြိုးရေး အသင်းမှ သဘောထား ထုတ်ပြန်လိုက်ကြောင်း သိရသည်။
၎င်းသဘောထားထုတ်ပြန်ချက်ကို ကျောက်ဖြူမြို့နယ်၊ နှမ်းဖဲတောင်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွင် ဧပြီလ(၇)ရက်မှ (၈)ရက်နေ့ထိပြုလုပ်သော ကျောက်ဖြူကျေးလက်ဒေသဖွံ့ဖြိုးရေးအသင်း၏ နှစ်ပတ်လည် အစည်းအဝေးမှ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
“ အထူးစီပွားရေးဇုန်အတွက် မြေယာအချို့ကို စတင် တိုင်းထွာနေပေမယ့်လည်း ယခုထိဒေသခံတွေကို ဘာမှ ပွင့်ပွင့်လင်းလင်း ချပြထားတာ မရှိသေးဘူး။ ဒေသခံတွေ မိဘ ဘိုးဘွား စဉ်ဆက် ပိုင်ဆိုင်လာတဲ့ မြေယာတွေကိုလည်း ပိုင်ဆိုင်ခွင့်ပေးဖို့ လိုနေတယ်။ ဖွံ့ဖြိုးရေးစီမံကိန်းတွေကိုလည်း စီမံကိန်းမစတင်ခင်မှာ လက်တွေ လုပ်ပေးဖို့ လိုတယ်။ ဒေသခံတွေအတွက် အသက်မွေးဝမ်းကြောင်း ပညာသင်တန်းတွေလည်း ခုထိရေရေရာရာ မရှိသေးဘူးဆိုတော့ ဒီအချိန်မှ စီမံကိန်းကို အကောင်အထည်ဖော်မယ်ဆိုရင် ကောင်းကျိုး ထက်ဆိုးကျိုး များလာနိုင်တဲ့အတွက် လက်မခံနိုင်တာဖြစ်တယ်” ဟု ကျောက်ဖြူကျေးလက် ဒေသဖွံ့ဖြိုးရေး အသင်းမှ ညှိုနှိုင်းရေးမှူး တစ်ဦးဖြစ်သူ ဦးထွန်းကြည် ကဆိုသည်။
ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမလုပ်ခင်တုန်းကလည်း ဒေသဖွံ့ဖြိုးတိုးတက်လာမယ်ဆိုကာ မက်လုံး အမျိုးမျိုးပေးပြီး စည်းရုံးခဲ့ပေမယ့် လက်တွေ့မှာ ဖွံ့ဖြိုးတိုးတက်ရေးဖြစ်မလာတဲ့အပြင် ယနေ့ထိ မြေယာပြသနာတွေကြုံတွေ့နေရကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။
“ ရွှေသဘာဝ စီမံကိန်းတုန်းကလည်း ဒေသဖွံ့ဖြိုးတိုးတက်လာမယ်။ လက်ခံကြပါဆိုပြီး ဒေသခံတွေကို မက်လုံးတွေ အမျိုးမျိုးပေးခဲ့တယ်။ တကယ် စီမံကိန်းလုပ်တော့ ဒေသခံတွေက ဖွံ့ဖြိုး မတိုးတက်လာတဲ့ အပြင် လယ်မြေတွေ အသိမ်းခံရ၊ ဥယာဉ်ခြံမြေတွေဖျက်ဆီးခံရနဲ့ ဒုက္ခတွေသာ ရောက်နေကြရပါတယ်” ဟု ဦးထွန်းကြည်က ပြောဆိုသည်။
ထိုကဲ့သို့ သင်ခန်းစာများကို ရရှိထားကြသော ကျောက်ဖြူဒေသခံ ပြည်သူများ အနေဖြင့် ကျောက်ဖြူ အထူးစီးပွားရေး ဇုန်နှင့် ပတ်သက်ပြီး ဒေသဖွံ့ဖြိုး တိုးတက်လာမည်ဟု ပြောဆို စည်းရုံးနေခြင်း အပေါ် အထူးသံသယ ၀င်နေကြသည်ဟု သိရသည်။
ယခု ပြုလုပ်သော နှစ်ပတလည် အစည်းအဝေးသို့ ဒေသခံမိတ်ဘက်အဖွဲ့အစည်းများဖြစ်တဲ့ sky youth ၊ ကျောက်ဖြူလူမှုကွန်ယက်၊ သဇင်သွေးသစ်လူမှုကွန်ယက်၊ အမှတ်(၇)ဒေသဖွံ့ဖြိုးရေးအသင်း၊ ရက္ခအားမာန်လူမှုကူညီရေးအသင်း တို့နှင့် ကျေးရွာပေါင်း(၅၀)မှ လူပေါင်း(၇၀)ခန့် တက်ရောက် ဆွေးနွေးခဲ့ကြသည်။
ကျောက်ဖြူခရိုင်အတွင်းမှ အကြီးမားဆုံး လူမှု အဖွဲ့အစည်း တစ်ခု ဖြစ်သည့်ကျောက်ဖြူ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အသင်းတွင် ယခင်က ဥက္ကဌအဖွဲ့၊ အတွင်းရေးမှူးအဖွဲ့ဖြင့် ဖွဲ့စည်းထားရာမှ ယခုနှစ် အသင်း နှစ်ပတ်လည်အစည်းအဝေးတွင် ဘုတ်ဒါရိုက်တာအဖွဲ့၊ ညှိုနှိုင်းရေးအဖွဲ့၊ ဒေသတာဝန်ခံ၊ ကျေးရွာ တာဝန်ခံ စသဖြင့်ဖွဲ့စည်းလိုက်ကြောင်း သတင်းရရှိသည်။
ကျောက်ဖြူ စီးပွားရေးဇုန်တွင် စက်မှုဇုန်နှင့် ရေနက်ဆိပ်ကမ်း စီမံကိန်းကို အကောင်အထည်ဖော်ရန် ကုမ္ပဏီ ၆ ခုဖြင့် ဖွဲ့စည်းထားသော တရုတ်အစိုးရပိုင် CITIC Consortium က တင်ဒါအောင်မြင်ထားပြီး စီမံကိန်း နှစ်ခုအတွက် အမေရိကန် ဒေါ်လာ ၉ ဘီလီယံ ရင်းနှီးမြုပ်နှံပြီး မြေဧက ၄၂၀၀ ကျော် အသုံးပြုသွားမည်ဟု သိရှိရသည်။

No comments:
Post a Comment