Wednesday, April 20, 2016

စစ်တွေတွင် စက်လှေနစ်မြုပ်၍ ၁၈ ဦးသေဆုံး၊ ၆၀ ကျော်ခန့် ပျောက်ဆုံးနေ

ကျော်မင်း (စစ်တွေ)

ယနေ့ နံနက် ၉ နာရီခွဲအချိန်ခန့်က စစ်တွေတွင် စက်လှေတစ်စီးနစ်မြုပ်၍ ၁၈ ဦးသေဆုံးကာ၊ ၆၀ ကျော်ခန့် ပျောက်ဆုံးနေကြောင်း သိရသည်။ အဆိုပါ နစ်မြုပ်ခဲ့သည့် စက်လှေမှာ ပေါက်တောမြို့နယ် ဆင်တက်မော် ဒုက္ခသည်စခန်းမှ စစ်တွေမြို့နယ်ရှိ ဒုက္ခသည်စခန်းအနီးဖွင့်လှစ်ထားသော သဲချောင်းဈေးသို့ ဈေးဝယ်ရန် ထွက်ခွာလာသော စက်လှေဖြစ်ပြီး လူ ၁၀၀ ဦးခန့် တင်ဆောင်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 နံနက် ၉ နာရီ ၄၅ မိနစ်အချိန်ခန့် စစ်တွေမြို့၊ သဲချောင်း ချောင်းဝအနီးတွင် စက်လှေနစ်မြုပ်ခဲ့ကာ ၁၈ ဦး သေဆုံးခဲ့ကြောင်း ကနဦး သတင်းများအရ သိရသည်။ စက်လှေပေါ်တွင် လိုက်ပါလာသူများမှာ ပေါက်တောမြို့နယ်၊ ဆင်တက်မော်ဒုက္ခသည်စခန်းတွင် နေထိုင်သူများဖြစ်ပြီး ၎င်းတို့မှာ ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ် ဆူပူမှုဖြစ်စဉ်က ကျောက်ဖြူမြို့နယ်မှ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြသည့် အစ္စလာမ်ဘာသာဝင်များ ဖြစ်ကြောင်း သိရသည်။ “ သူတို့တွေဟာ စစ်တွေဘက်ဆီကို ဆေးကုသဖို့၊ ဈေးဝယ်ထွက်ဖို့လာကြာတာပါ။ စက်လှေ ဝင်ရမယ့် လမ်းကြောင်းကလည်း ငါးဖမ်းစက်လှေတွေသာ ဆိုက်ကပ်တဲ့ လမ်းကြောင်းပါ။ အကယ်၍ မြို့ထဲကနေသာ စက်လှေ ဆိုက်ကပ်ခွင့်ရမယ်ဆိုရင် ဒီလို တိမ်းမှောက်စရာ မရှိပါဘူး၊ လှေပေါ်မှာတော့ ကလေးငယ်တွေနဲ့ လူကြီးမိန်းမတွေပါပါကြတယ်။ လှေနှစ်မြုပ်ပြီး သေဆုံးတဲ့ သူတွေရဲ့ မိသားစုဝင်တစ်ချို့ကိုတော့ အစိုးရရဲ့ အစီစဉ်နဲ့ ဒီကိုခေါ်လာပြီးပါပြီ။" ဟု ၂၀၁၂ ခုနှစ် ပဋိပက္ခတွင် ဖမ်းဆီးထောင်ချခံခဲ့ရသူ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးကျော်လှအောင်က မဇ္ဈိမကို ပြောသည်။

 ပျောက်ဆုံးနေသူ အရေအတွက် အတိအကျကို ခန့်မှန်း၍ မရနိုင်သေးဘဲ ညနေ ၆ နာရီအချိန်ထိ ကယ်ဆယ်ရရှိပြီး အသက်ရှင်သူ ၉ ဦးနှင့် ပြင်းထန်စွာ ဒဏ်ရာရရှိထားသူ ၃ ဦးတို့ကို စစ်တွေပြည်သူ့ဆေးရုံနှင့် သက္ကေပြင်ဆေးရုံများသို့ ပို့ဆောင်ထားကြောင်း စစ်တွေမြို့မရဲစခန်းက အတည်ပြု ပြောကြားသည်။ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်တွင်နေထိုင်ကြသည့် ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးများနှင့် အစ္စလာမ်ဘာသာဝင်များကြား လူမျိုးရေးအသွင်ဆောင်သည့် ပဋိပက္ခဖြစ်ပွားခဲ့ပြီးနောက် အစ္စလာမ်ဘာသာဝင် ဒုက္ခသည် ၁၄၀၀၀၀ ခန့် နေရပ်စွန့်ခွာခဲ့ရကာ ဒုက္ခသည်စခန်းများတွင် နေထိုင်ခဲ့ရသည်။

No comments: