မဇ္ဈိမ
မြန်မာ့ရိုးရာ အတာသင်္ကြန်ကို အကြောင်းပြကာ စီးပွားရှာနေမှုကို တားမြစ်နိုင်ရန် သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ခွင့် ကန့်သတ်လိုက်ခြင်းဖြစ်သည်ဟု ဝေဖန်မှုများ ခံနေရသည့် ရန်ကုန်တိုင်းအစိုးရက ဧပြီ ၂ ရက်တွင် ရှင်းလင်းချက်ပေးလိုက်သည်။
အစိုးရအဖြစ် တာဝန်ထမ်းဆောင်သည်မှာ နှစ်ရက်သာ ကြာမြင့်သေးသည့် ရန်ကုန်တိုင်းအစိုးရ၏ ပထမဆုံး သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးချုပ်ဖြစ်သူ ဦးဖြိုးမင်းသိန်းက ရှင်းလင်းလိုက်ခြင်းဖြစ်သည်။
မြန်မာ့ရိုးရာသင်္ကြန်သည် လူငယ်များ စုပေါင်းငွေကြေးစုကာ မဏ္ဍပ်များ ဆောက်လုပ် ပျော်ရွှင်ခဲ့ကြရာမှသည် မဏ္ဍပ်များ ဆောက်လုပ်ကာ စီးပွားဖြစ် ငွေကြေးရှာသည့် ပုံသဏ္ဍာန်သို့ ပြောင်းလဲလာခြင်းကြောင့် ထိုအခြေအမျိုးကို တားမြစ်နိုင်ရန် ရေကစားမဏ္ဍပ်များ ဆောက်လုပ်ခွင့် ကန့်သတ်ရခြင်းဖြစ်သည်ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆိုသည်။
မိုးလေဝသ ပညာရှင်များ၏ သတိပေးချက်များအတိုင်း ယခုနှစ်နွေရာသီသည် အလွန်ပူပြင်းနိုင်ပြီး ကျန်းမာရေး ထိခိုက်နိုင်သည့်အတွက်လည်း အရိပ်ရသည့် နေရာများတွင်သာ ရေသဘင်ပွဲတော်ကို ဆင်နွှဲကြရန် သူက သတိပေးသေးသည်။
သင်္ကြန်မဏ္ဍာပ်များ ဆောက်လုပ်ခွင့် ကန့်သတ်သည်ဆိုသော်လည်း ခေတ်အဆက်ဆက် တိမ်ကောနေခဲ့သည့် သံချပ်ထိုးခွင့်ကို ကြိုတင်စိစစ်ခြင်းမျိုး မလုပ်ဘဲ အမုန်းတရား ပြန့်ပွားစေသည့် အသုံးအနှုန်းများကိုသာ ကန့်သတ်ကာ သံချပ်ကို လွတ်လပ်စွာ ဖန်တီးခွင့်ရှိသည်ဟုလည်း ဝန်ကြီးချုပ်က ကတိပေးသွားခဲ့သည်။
“တရားဥပဒေ စိုးမိုးရေးအတွက် စည်းကမ်းနဲ့အညီ ကိုင်တွယ်သွားပါမယ်၊ ပြည်သူတွေ အနှောက်အယှက် မဖြစ်ဖို့ ကျနော် တာဝန်ယူပါတယ်။ ပြည်သူကို ကြောက်အောင် ထိန်းချုပ်မှာ မဟုတ်သလို အခွင့်အာဏာ အမိန့်တွေနဲ့ထိန်းကျောင်းမှာလည်း မဟုတ်ပါဘူး” ဟု လည်း ဝန်ကြီးချုပ်က ပြောသည်။
ဝန်ကြီးချုပ်ရှင်းလင်းအပြီးတွင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီးဖြစ်သူ နော်ပန်းသဉ္စာမျိုးကလည်း သင်္ကြန်မဏ္ဍပ်များ ဆောက်လုပ်ခွင့် ကန့်သတ်မှုနှင့် ပတ်သက်၍ အချက်ခြောက်ချက်ဖြင့် ရှင်းလင်းခဲ့သည်။
နော်ပန်းသဉ္စာမျိုး၏ ရှင်းလင်းချက်တွင် လုံခြုံရေးနှင့် ယာဉ်ကြောပိတ်ဆို့မှု မဖြစ်ရန်နှင့် မဏ္ဍပ်များ တစ်နေရာတည်းတွင် စုံပြုံဆောက်လုပ်ခြင်း မပြုရန်၊ ရေရှားပါးမည့် ပြဿနာကို ကြိုတင်ကာကွယ်သည့် အနေဖြင့် ရေသုံးစွဲမှု လျော့ချနိုင်ရန်၊ သင်္ကြန်ပွဲတော်ခုတုံးလုပ် စီးပွားရေး လုပ်ကိုင်မှု ပပျောက်ရန်၊ ရိုးရာ ယဉ်ကျေးမှု ထိန်းသိမ်းပြီး အပြုသဘောဆောက်မည့် သင်္ကြန်သံချပ်များ ပေါ်ပေါရန်ဟူသည့် အချက်များ ပါဝင်သည်။
ရန်ကုန်တိုင်းအစိုးရသည် ယခုနှစ် မဏ္ဍာပ်ဆောက်လုပ်ခွင့်ရသည့် ကုမ္ပဏီများကို စောင့်ကြည့်သွားမည်ဖြစ်ပြီး ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းပြီး စည်းကမ်းရှိသည့် ကုမ္ပဏီများကိုသာ လာမည့်နှစ် သင်္ကြန်တွင် မဏ္ဍပ် ဆောက်လုပ်ခွင့်အတွက် ဦးစားပေး စဉ်းစားသွားမည်ဟုလည်း ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝင်များက ဆိုသည်။
No comments:
Post a Comment