Wednesday, April 20, 2016

၁၃ ကြိမ်မြောက် ရခိုင်ရိုးရာယဉ်ကျေးမှု သင်္ကြန်ပွဲတော် (ရန်ကုန်) နံ့သာသွေးပွဲတွင် ရခိုင်မောင်မယ် တံမြက်စည်းလှည်းအသင်း ပထမရရှိ

စံမောင်သန်း၊ ရန်ကုန်


၁၃ ကြိမ်မြောက် ရခိုင်ရိုးရာယဉ်ကျေးမှု သင်္ကြန်ပွဲတော် (ရန်ကုန်) ၏ ပွဲအစီအစဉ် ပထမ နေ့တွင် နံ့သာ သွေးပြိုင်ပွဲကို ရန်ကုန်တိုင်း ဗဟန်းမြို့နယ် အာဇာနည်လမ်း ရွှေတံဂုံ အရှေ့ဘက်မုဒ် အနီးရှိ ရခိုင်ဓမ္မာရုံတွင် ဧပြီလ ၁၁ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့ရာ ပထမဆုကို ရခိုင်မောင်မယ်တံမြက်စည်းလှည်း အသင်း(စောင့်လေမျိုးနွယ် ရခိုင်မောင်မယ်)က ပထမဆု ရရှိခဲ့သည်။

ဒုတိယဆုကို ဘူးသီးတောင်မြို့နယ်အသင်း (စိုင်းတင်အားမာန်) နှင့် ပူးတွဲတတိယဆုများကို မြေပုံမြို့နယ်အသင်း (ဟန်တာကမ်းသူ) နှင့် မာန်အောင်မြို့နယ်အသင်း(မေဃဧကရီ) တို့က ရရှိခဲ့ကြသည်။

နံ့သာသွေးပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ၁၅ သင်းက စာရင်းပေးထားသော်လည်း ရမ်းဗြဲမြို့နယ် အသင်းရောက်လာခဲ့ခြင်းမရှိဘဲ ကျန်အသင်း ၁၄ သင်းကသာ ယှဉ်ပြိုင်ခဲ့ကြသည်။

စစ်တွေမြို့နယ်ကို ကိုယ်စားပြုပြီး ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည် မငြိမ်သူဇာလင်းက “နံ့သာသွေးပြိုင်ပွဲကို ဒီနှစ်မှာ လာရောက်ယှဉ်ပြိုင်တာဖြစ်ပါတယ်။ ပြိုင်ပွဲဝင်ရတာ ရင်ခုန်ပြီးတော့ ပျော်ပါတယ်”ဟု နိရဉ္စရာသတင်းဌာနသို့ ပြောကြားခဲ့သည်။

ပြိုင်ပွဲကို မွန်းလွဲ ၁ နာရီခွဲခနန့်တွင် စတင်ပြီး ၅ နာရီခန့်တွင် ပြီးဆုံးခဲ့သည်။

အခမ်းအနားတွင် ရခိုင်ရိုးရာယိမ်းအကများနှင့်လည်း ယဉ်ပြိုင်ခဲ့ကြသည်။

အခမ်းအနားသို့ ဦးတင်မောင်ထွန်း (ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌ)၊ ဦးဇော်အေးမောင် ရန်ကုန်တိုင်း (ရခိုင်းတိုင်းရင်းသားရေးရာဝန်ကြီး)၊ ဒေါ်ခင်စောဝေ (ပြည်သူ့ လွှတ်တော်အမတ် ရသေ့တောင်မဲဆန္ဒနယ်)နှင့် ဒေါ်စောခင်တင့် (စာယဉ်ဥက္ကဋ္ဌ) နှင့် ရန်ကုန်အခြေစိုက် ရခိုင်ပြည်မြို့နယ်အသင်းများမှ ကြီးကြပ်သူများနှင့် ပြိုင်ပွဲဝင်သူများ အခြားရခိုင်လူမှုရေးအသင်းမှ ကြီးကြပ်သူများနှင့် ပြိုင်ပွဲဝင်သူများ စုစုပေါင်း ၈၀၀ ခန့် တက်ရောက်ခဲ့ကြသည်။

No comments: