Monday, April 4, 2016

အကယ်ဒမီပေးပွဲကို ဒေါ်အောင်ဆန်းစုကြည် သဝဏ်လွှာပို့

မဇ္ဈိမ

ဧပြီ ၃ရက်တွင် ရန်ကုန်မြို့၌ ကျင်းပသည့် ၂၀၁၄ ၊၂၀၁၅ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု‌ အကယ်ဒမီ‌ပေးပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က သဝဏ်လွှာပေးပို့ခဲ့သည်။ "ကျွန်မတို့တိုင်းပြည် ပြောင်းလဲချိန်တန်ပြီဖြစ်တဲ့အတိုင်း အောင်မြင်တဲ့ ရုပ်ရှင်တစ်ကားဖန်တီးသလို ပြည်သူပြည်သားအားလုံး ကိုယ်ကျရာနေရာကနေ ကိုယ့်တာဝန်ကျေပွန်အောင် ဆောင်ရွက်ကြရင် ကျွန်မတို့ရဲ့နိုင်ငံ မလွဲမသွ တိုးတက်ပြောင်းလဲနိုင်မယ်လို့ ယုံကြည်မိပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းထားသည်။

ရုပ်ရှင်သည် အနုပညာတွင် လူထုကြားကို အထိုးဖောက်နိုင်ဆုံးနဲ့ လူအများအပေါ် သြဇာသက်ရောက်မှု အရှိဆုံးဖြစ်ပြီး ရုပ်ရှင်အနုပညာလက်ရာတွေဟာ ရင်ထဲ နှလုံးထဲမှာ နှစ်ပေါင်းများစွာ လွှမ်းမိုးကျန်ရစ်ခဲ့ကြရအောင် လက်ရာမြောက်ခြင်းက စုပေါင်းအားထုတ်မှု၊ ညီညွတ်မှု နှင့် ကိုယ်ကျရာတာဝန်ကို ကျေပြွန်စွာဆောင်ရွက်နိုင်မှုတို့ရဲ့ ရလာဒ် ဖြစ်ကြောင်းလည်း ၎င်းက ပြောထားသည်။

 "အဲ့ဒီလိုလက်ရာမြောက်ဖို့လည်း သရုပ်ဆောင်ပညာ၊ ဒါရိုက်တာပညာ၊ တည်းဖြတ်ပညာ၊ ဇာတ်ညွှန်းပညာ၊ ဓါတ်ပုံပညာ၊ ဂီတပညာ၊ အသံပညာ အစရှိတဲ့ အနုပညာရဲ့ အောင်မြင်မှုဟာ စုပေါင်းအားထုတ်မှု ညီညွတ်မှုနဲ့ ကိုယ်ကျရာ တာဝန်ကို ကျေပြွန်စွာဆောင်ရွက်နိုင်မှုတို့ရဲ့ ရလာဒ် ဖြစ်ပါတယ်" ဟု သဝဏ်လွှာတွင် ပြောကြားထားသည်။

လာမည့် ၂၀၂၀ ခုနှစ်တွင် ရုပ်ရှင်သက်တမ်း နှစ် ၁၀၀ ပြည့်တော့မည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ပထမဆုံး ရုပ်ရှင် "မေတ္တာနဲ့သူရာ" ကနေ ယနေ့ခေတ် "ကျွန်မနှင်းဆီပါမောင်" ဇာတ်ကားအထိ ဖြတ်သန်းခဲ့သည့် တလျောက် စိန်ခေါ်မှုများဖြင့် အောင်မြင်မှုများ၊ သင်ခန်းစာရရှိပြီးဖြစ်ကြောင်း နှင့် ယနေ့ ပွင့်လင်းလာတော့မည့် ခေတ်တွင် ရုပ်ရှင်လောက တစ်ခုလုံး အနုပညာသာမက အတတ်ပညာပိုင်းတွင်ပါ ပိုမိုတိုးတက်အောင်မြင်မည်ဟု မျှော်လင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ယခုနှစ် အကယ်ဒမီပေးပွဲကို တက်ရောက်နိုင်မည်မဟုတ်ပေ။

No comments: