Wednesday, April 20, 2016

ကိုနေမျိုးဇင်နဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ စုပေါင်းကာ ဒလတွင် ရေသန့်လှူဒါန်း

ယဉ်မွန်၊ မျိုးသူအောင်

မကြာမီရက်ပိုင်းအတွင်းက အကျဉ်းထောင်ထဲမှ ပြန်လည်လွတ်မြောက်လာသော ကိုနေမျိုးဇင်က ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့နှင့် ပူးပေါင်းကာ သောက်သုံးရေရှားပါးနေပြီဖြစ်သော ဒလဆိပ်ကမ်းမြို့နယ်အတွင်းရှိ စံပြရပ်ကွက်တွင် ဧပြီလ ၁၉ ရက်၊ နံနက်ပိုင်းက သောက်သုံးရေများ သွားရောက်လှူဒါန်းခဲ့ကြသည်။

သွားရောက်လှူဒါန်းသော စံပြရပ်ကွက်တွင် လူနေအိမ်ခြေ ၃၀၀ ကျော် ၄၀၀နီးပါးရှိပြီး၊ အမှန်တကယ်သောက်သုံးရေများ လိုအပ်နေကြောင်းလည်း သွားရောက်လှူဒါန်းသူ ကိုနေမျိုးဇင်က မဇ္ဈိမကို ပြောကြားခဲ့သည်။

" အခု ကျွန်တော်တို့သွားလှူတာ ဒလမြို့က စံပြရပ်ကွက်မှာပါ။ ကျွန်တော်တို့ နိုင်ကျဉ်းတွေရယ်၊ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့က ကျောင်းသားလေးတွေရယ်၊ ပြီးတော့ လှိုင် ကားပွဲစားဝင်းက ကားသမားတွေရယ် အလှူရှင်တွေရယ် စုပေါင်းပြီး ရေဂါလံ ၂၀၀၀ ကျော်နဲ့ ရေသန့်ဗူးကြီး ၃၀၀ ကျော်တို့ကို လှူးဒါန်းခဲ့တာပါ။ ကျွန်တော်တို့ ဟိုကိုရောက်တော့ သူတို့ဆီမှာ သောက်သုံရေကန်က ခန်းနေပြီ။ ပြီးတော့ သူတို့ဆီမှာလည်း ရေမရှိကြတော့ဘူး။ ဒီလို ရေလာလှူတာ ကျွန်တော်တို့အဖွဲ့က ပထမဆုံးလို့ ပြောပါတယ်။ " ဟု ကိုနေမျိုးဇင်က သူ့အတွေ့အကြုံကို ပြန်လည်ပြောကြားခဲ့သည်။

ယခုကဲ့သို့ ရေလှူးဒါန်းခြင်းအပြင် ရေခန်းခြောက်နေသော သောက်သုံးရေကန်များအား ပြန်လည်တူးဖော်ဖို့ရန်နှင့် နောက်နှစ်များတွင် ရေရှားပါးမှု မဖြစ်ပေါ်စေရန် အုတ်ကန်များဆောက်လုပ်ကာ ရေသိုလှောင်ပေးရန်အတွက် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများ၊ ပရဟိတအဖွဲ့ဝင်များနှင့် တိုင်ပင်ဆွေးနွေးခဲ့ကြောင်းသည်ဟု ကိုနေမျိုးဇင်က ပြောသည်။

"ဒီ ဒလမြို့နယ်အပြင် တက်နိုင်မယ်ဆိုရင် ရေရှားနေတဲ့နေရာတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ချင်ပါတယ်။ အခု ကျွန်တော်တို့ ဒလမှာလုပ်ဖို့တိုင်ပင်တာက နောင်ဆယ်နှစ်လောက်ထိ အဆင်ပြေဖို့၊ ရေမရှားဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ တိုင်ပင်ခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ ကျွန်တော့်ဆီကို ရောက်လာတဲ့အလှူရှင်တွေဆီက ရရှိလာတဲ့ငွေကြေးတွေနဲ့လည်း လိုအပ်တဲ့နေရာတွေမှာ လှူနိုင်အောင် လုပ်ဆောင်ရမှာပါ" ဟု ကိုနေမျိုးဇင်က ပြောသည်။

"ဒလမြို့နယ် သမ္မတ ကမ်းခြေ စံပြရပ်ကွက်မှာ စတင် လှူဒါန်းတာပါ။ဒီတစ်ခေါက်မှာတော့ ဂါလံ ၂၁၅၀ ကို သမ္မတကမ်းခြေ စံပြရပ်ကွက်မှာ လှူတယ်။ ဒီနေ့အတွက်တော့ လုံလောက်တယ်ပေါ့နော်။ ဒီနေ့လှူတဲ့ ပုံစံအရ ဆိုရင်တော့ ရေဂါလံ ၆၇၅၀ သွားမှာပေါ့။ သုံးခေါက်တိုက်မှာလေ။ နောက်လှူမယ့် ရပ်ကွက်ကို ရှေ့က ဆိုင်ကယ်နဲ့ သွားကြည့်နေတယ်။ တကယ်ရှေရှားပါးတဲ့ လှူမယ့်လူမရှိတဲ့ ရပ်ကွက်ကို သွားလှူမှာပါ" ဟု ရေသွား ရောက်လှူဒါန်းသည့်အဖွဲ့တွင် လိုက်ပါ ကူညီလှူဒါန်းပေးနေသည့် မြန်မာ့ လူမှု ဘ၀ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ ကိုအေးကျော်က ပြောသည်။

"အခုလာလှူတာကလပထမဆုံးပါ။အလှူရှင်တွေကိုပဲမျှော်နေရတာ။အလှူရှင်မလာရင် လယ်ထဲတွေမှာရှိတဲ့ သဲကန်တွေကရေကို လယ်ပိုင်ရှင်တွေက အချိန်ပိုင်းနဲ့ပေးပါတယ်"ဟု စံပြရပ်ကွက် တံတားချောင်းကျေးရွာနေ ကိုဟန်ဝင်း ကပြောသည်။

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့သည် သင်္ကြန်ကာလအတွင်း ချီးမြင့်ဆုကြေးငွေ ကျပ်သိန်းတစ်ရာကျော်ရှိခဲ့ ပြီး အဆိုပါ ဆုကြေးများထဲမှ ယခုကဲ့သို့ လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါသံချပ်အဖွဲ့မှ သိရသည်။

ယခုအခါ မြန်မာနိုင်ငံနေရာအနှံ့တွေ ရေရှားပါးမှု ပြသာနာကိုရင်ဆိုင်နေရပြီး၊ သောက်သုံးရေများ လိုအပ်နေသောကြောင့် မိမိတို့နှင့်အတူ လိုအပ်သောနေရာများကိ လှူဒါန်းပေးပါရန်အတွက်လည်း ကိုနေမျိုးဇင်က အလှူရှင်များအား တိုက်တွန်းပြောကြားခဲ့သည်။

No comments: