နိရဉ္စရာ၊
ရခိုင်ပြည်နယ် အတွင်း ထုတ်ပြန်ထားသော အရေးပေါ် အခြေအနေ ကြေညာချက် အမိန့် (၁/၂၀၁၂) ကို ၂၀၁၆ မတ်လ ၂၈ ရက်နေ့က နိုင်ငံတော် သမ္မတမှ ရုပ်သိမ်းလိုက်ပြီ ဖြစ်သော်လည်း ညမထွက်ရ အမိန့် ၁၄၄ ကို မောင်တောခရိုင်တွင် ဆက်လက် ထားရှိဆဲ ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဥပဒေချုပ် ဦးလှသိန်းက မတ်လ ၂၉ ရက်နေ့က ဖုန်းထဲမှ တစ်ဆင့် မေးမြန်းစဉ် ပြောကြားသည်။
“ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းလာတဲ့ အတွက် အရေးပေါ် ဥပဒေ ထုတ်ပြန်ကြေညာချက်ကို ရခိုင်ပြည်နယ် အတွင်း ရုပ်သိမ်းလိုက်တာ မှန်ပါတယ်။ ဒါပေမယ့် မောင်တောခရိုင် အတွင်းမှာ ထုတ်ထားတဲ့ ညမထွက်ရ အမိန့်ကို ရုပ်သိမ်းလိုက်တာ မဟုတ်ဘူး။ ညမထွက်ရ အမိန့် ပုဒ်မ ( ၁၄၄) ဆိုတာက နှစ်လ တစ်ကြိမ် ထုတ်ပြန်ထားတဲ့ ဒေသန္တရ အမိန့် ဖြစ်ပါတယ်။ ဒါကို ကွဲကွဲပြားပြား သိဖို့ လိုအပ်ပါတယ်” ဟု ဆိုသည်။
ရခိုင်ပြည်နယ် အတွင်း ၂၀၁၂ ခုနှစ် ဇွန်လ အတွင်းက ဘာသာရေး၊ လူမျိုးရေး အဓိဂရုဏ်း ဖြစ်ပွားခဲ့သဖြင့် ရခိုင်ပြည်နယ် အစိုးရမှ နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ (ကာလုံ)သို့ တင်ပြခဲ့သဖြင့် ကာလုံမှ (၁/၂၀၁၂) ဖြင့် ရခိုင်ပြည်နယ် အတွင်း အရေးပေါ်အခြေအနေ ထုတ်ပြန်ခဲ့ရခြင်း ဖြစ်ကြောင်း၊ ၂၀၁၄ နှင့် ၂၀၁၅ ခုနှစ်မှ စပြီး ရခိုင်ပြည်နယ် အတွင်း ဆူပူ အကြမ်းဖက် တိုက်ခိုက်မှုများလည်း မရှိတော့ဘဲ တည်ငြိမ်အေးချမ်းလာသဖြင့် ရခိုင်ပြည်နယ် အစိုးရမှ ကာလုံကို တင်ပြရာမှ နိုင်ငံတော် သမ္မတ အမိန့်ဖြင့် ရခိုင်ပြည်နယ် အရေးပေါ် အခြေအနေ ကြေညာချက်ကို ရုတ်သိမ်းလိုက်ခြင်း ဖြစ်ကြောင်း ဦးလှသိန်းက ဆက်လက် ပြောကြားသည်။
“ အခုက ပြည်နယ် အတွင်းမှာလည်း တည်ငြိမ် အေးချမ်းလာပြီ။ နောက်အစိုးရသစ်လည်း တက်တော့မယ် ဆိုတော့ ကျွန်တော်တို့ အနေနဲ့ ရခိုင်ပြည်နယ်ကို အရေးပေါ် အခြေအနေမျိုးနဲ့ အစိုးရသစ်ကို ပြည်နယ်ရဲ့ တာဝန်ကို မလွဲပြောင်းချင်ပါဘူး။ ဒါကြောင့် ပြည်နယ် အစိုးရ အပြောင်းအလဲ မဖြစ်ခင် အရေးပေါ် ကြေညာချက်ထုတ်ထားတာကို ရုတ်သိမ်းလိုက်တာ ဖြစ်ပါတယ်” ဟု ဦးလှသိန်းက ဆိုသည်။
ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် ညမထွက်ရ အမိန့် ပုဒ်မ (၁၄၄) ကို ဆက်လက် ထားရှိသည့် အပေါ် ၀မ်းသာ ကြိုဆိုကြောင်း မောင်တောမြို့ခံ လူကြီး တစ်ဦးဖြစ်သူ ဦးခင်မောင်သန်းက ပြောဆိုသည်။
“ မောင်တောမြို့ပေါ်မှာတော့ ပြဿနာ မရှိပါဘူး။ လုံခြုံရေး ကောင်းပါတယ်။ နယ်တွေမှာတော့ လုံခြုံရေး အားနည်းတာတွေ ရှိပါတယ်။ ဒါကြောင့် ညမထွက်ရ အမိန့်ထုတ်ရင် ရခိုင်တိုင်းရင်းသားတွေ အတွက် ဖားရှာ၊ ဟင်းခူး သွားရာမှာ အခက်အခဲ ရှိနိုင်ပါတယ်။ အဓိကတော့ နယ်စပ် ဒေသ သိပ် တည်ငြိမ်မှု မရှိသေးသလို လုံခြုံရေးလည်း အားနည်းနေတဲ့ အတွက် ညမထွက်ရ အမိန့် ၁၄၄ ဆက်လက်ရှိနေဖို့ လိုအပ်ပါတယ်” ဟု ပြောဆိုသည်။
မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တွင် ၂၀၁၂ ခုနှစ် ဇွန်လမှ စပြီး ညမထွက်ရ အမိန့် (၁၄၄) ကို ထုတ်ပြန်ထားခဲ့ပြီး ညမထွက်ရ အချိန်များကို တဖြည်းဖြည်း လျော့ချလာရာ ယခုအခါ ညဥ့် ၁၁ နာရီမှ နံနက် ၄ နာရီအထိသာ ကျန်ရှိတော့သည်ဟု သိရသည်။

No comments:
Post a Comment