မျိုးသူအောင်
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မဟာသင်္ကြန်မဏ္ဍပ်များ နှင့် ပတ်သက်၍ စီးပွားရေးမဏ္ဍပ်များ ဆောက်လုပ်ခွင့်မပြုတော့ရန် ဆုံးဖြတ်ပြီးနောက် ဝေဖန်သံများထွက်ပေါ်လာခဲ့သည်။ ယင်းကိစ္စနှင့် ပတ်သက်ပြီး ဧပြီလ ၂ရက်နေ့ ညနေပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့အစည်းဝေးခန်းမ၌ သတင်းမီဒီယာများကိုတွေ့ဆုံက ရန်ကုန်တိုင်း ဝကြီးချုပ် ဦးဖြိုးမင်းသိန်းအပါအ၀င် အစိုးရအဖွဲ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ ဝန်ကြီးချုပ်နှင့် သတင်းမီဒီယာများ မေးမြန်းဖြေကြားခဲ့သည်များကို ဖော်ပြပေးလိုက်သည်။
မေးမြန်းသူ။ ။ ခုမဟာသင်္ကြန်က ပြည်သူတွေလည်းပျော်အောင် အယ်နီညိုအတွက် ရေလည်း ခြွေတာပြီး ဖြစ်အောင် ကျင်းပတယ်ဆိုလို့ရှိရင် ရေပိုက်တွေ ရေတွေခြွေတာတဲ့သဘောနဲ့ ဘယ်လိုမျိုးတွေ စီမံထားတာရှိလဲ။
ဝန်ကြီးချုပ်။ ။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ စည်ပင်သာယာကနေ စည်းမျဉ်းစည်းကမ်းတွေ ထုတ်ပြန်ပြီး ရေပိုက်တွေကအစ စစ်ဆေးမှာပါ။ ဒီအတွက်လည်း ကော်မတီတစ်ရပ်ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။ ဒါကြောင့်မို့ မဏ္ဍပ်မချပေးခင်မှာကိုပဲ စည်ပင်သာယာဘက်က မဏ္ဍပ်ရဲ့ ကြံ့ခိုင်မှုတွေ လုပ်မယ့် မဏ္ဍပ်က အများပြည်သူရဲ့ လမ်းတွေပေါ် ရောက်နေလား။ ဒီအခြေနေကစပြီးတော့ အကုန်လုံးကို သေသေခြာခြာ စိစစ်ပြီးတော့မှ ခွင့်ပြုနိုင်တယ်လို့ ပြောလိုက်တော့မှ ကျွန်တော်တို့က ဒီကနေ ပါမစ်ထုတ်ပေးမှာ ဖြစ်ပါတယ်။ စည်ပင်သာယာက ဒီမဏ္ဍပ်ဟာ ခွင့်ပြုရန် မသင့်ပါဘူးလို့ ပြောလာရင် ကျွန်တော်တို့က ဒီမဏ္ဍပ်ဆောက်မယ့်လူကို စည်ပင်သာယာ စည်းကမ်းဘောင်နဲ့ ညီညွတ်ဖို့အတွက် တိုက်တွန်းမှာ ဖြစ်ပါတယ်။ တိုက်တွန်းပြီးတော့ ချပေးဖို့ ကျွန်တော်တို့က ကြိုးပမ်းမှာ ဖြစ်ပါတယ်။ မညီညွတ်ဘူးဆိုလို့ ကျွန်တော်တို့က မချပေးဘူးလို့ လုပ်မှာ မဟုတ်ပါဘူး။ ညီညွတ်အောင်လုပ်ဖို့ တိုက်တွန်းမှာ ဖြစ်ပါတယ်။ အဲဒါဆိုရင် စည်ပင်သာယာကို လာဘ်ထိုးပြီးတော့ ငါတို့ တစ်ခုခု လုပ်လို့ရအောင်ဆိုတဲ့ စဉ်းစားမှုမျိုး မဖြစ်အောင်ပါ။ စည်းမျဉ်းစည်းကမ်းဘောင်အတိုင်းပဲ ဖြစ်နေရမှာ ဖြစ်ပါတယ်။
မေးမြန်းသူ။ ။ မဟာသင်္ကြန်နဲ့ ပတ်သက်ပြီးတော့ အနုပညာရှင်တွေနဲ့ ကုမ္ပဏီတွေနဲ့ စာချုပ်တွေချုပ်ပြီး နစ်နာမှုတွေ ရှိလာရင်ကော သင်္ကြန်ကြီးကြပ်ရေးကော်မတီအနေနဲ့ ဘယ်လိုများ ပံ့ပိုးကူညီမလဲ။
ဝန်ကြီးချုပ်။ ။ မေးခွန်းမေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီမေးခွန်းကို ဖြေချင်ပါတယ်။ ဘာကြောင့်လည်း ဆိုတော့ ပါမစ်မရသေးဘဲနဲ့ ငှားရမ်းတယ်ဆိုတဲ့အခြေနေကိုက အမှားကြီးမှားနေတာပါ။ သူဘာကြောင့် ငှားသလဲဆိုတာကို အနုပညာသယ်က ထပ်တောင် ကွန်ပလိမ်း လုပ်သင့်ပါတယ်။ ခင်ဗျား ငှားမယ်လို့ ပြောထားပြီးပြီ။ မဏ္ဍပ်တွေလည်းဆောက်ခွင့်မရတော့ ခင်ဗျားငှားမယ်ဆိုတဲ့ နှုန်းထားအတိုင်းပေးသင့်တယ်လို့ အနုပညာသယ်က ကွန်ပလိမ်းတောင်လုပ်သင့်ပါတယ်။ ဘာကြောင့်လဲဆိုရင် နိုင်ငံခြား ကုမ္ပဏီကြီးတစ်ရပ်က ကိုယ်ပါမစ်မရဘဲနဲ့ မငှားရမ်းသင့်ပါဘူး။ ဒီအခြေနေမျိုးရှိပါတယ်။ ကျွန်တော်တို့ ဒီဘက်မှာ မြို့တော်ဝန်မဏ္ဍပ်ကို အရင်က အစဉ်အဆက်လုပ်ခဲ့တာရှိပါတယ်။ အစိုးရအဖွဲ့ မဏ္ဍပ်ဆိုပြီးလုပ်ပါတယ်။ အခု မဏ္ဍပ်တွေ အားလုံးကို ပြည်သူကို မျက်နှာမူနိုင်ဖို့ ပြည်သူ့ဘက်ကို ကျွန်တော်တို့ ရွေ့လိုက်ပါတယ်။ ရွေ့လိုက်တဲ့အတွက် ရန်ကုန်မြို့တော်ဝန် မဏ္ဍပ်ကို ရန်ကုန်မြို့တော် မဟာသင်္ကြန် ရေကစားမဏ္ဍပ် ဗဟိုမဏ္ဍပ်အဖြစ် ပြောင်းလည်း လိုက်ပါတယ်။ ဒီမဏ္ဍပ်ဟာ အစောကြီးတည်းက အစိုးရကနေဆောင်ရွက်မယ့် မဏ္ဍပ်ဖြစ်တဲ့အတွက် အနုပညာသည်တွေ ငှားရမ်းခဲ့ပါတယ်။ဒါပေမယ့် အခုအခြေနေမှာတော့ အနုပညာသည်တွေကို တောင်းပန်ပြီးတော့ စရံအဆုံးခံပြီးတော့ပဲ ဆောင်ရွက်လိုက်ပါတယ်။ အခြားဘယ်သူ့ကိုမှ ပါမစ်လက်ဝယ်ထုတ်ပေးထားတဲ့ မဏ္ဍပ် ဘယ်မဏ္ဍပ်မှ မရှိပါဘူး။ ပါမစ်မရှိသေးဘဲ ငှားရမ်းတယ်ဆိုရင် အနုပညာသယ်ကို လှည့်စားလိုက်တဲ့အတွက် ငှားတဲ့သူမှာပဲ တာဝန်ရှိပါတယ်။ ဒီနေရာမှာထပ်ပြီးပြောချင်ပါတယ်။ နိုင်ငံတကာကနေ ကျွန်တော်တို့ဆီမှာ လာပြီး ရင်းနှီးမြှုပ်နှံနေတာပဲ ဖြစ်ဖြစ် ပြည်တွင်း ကုမ္ပဏီတွေပဲဖြစ်ဖြစ် ကိုယ့်ကုမ္ပဏီဟာ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို လေးစားလိုက်နာတဲ့ ဂုဏ်သိက္ခာရှိတဲ့ ကုမ္ပဏီတွေ ဖြစ်ဖို့ ကြိုပမ်းရမှာ ဖြစ်ပါတယ်။ ဒီကြိုပမ်းမှုဟာ နိုင်ငံသူ နိုင်ငံသားတွေရဲ့ အသိအမှတ်ပြုမှုကို ရမှာ ဖြစ်ပါတယ်။ ဥပဒေ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာတဲ့ ကုမ္ပဏီတွေ ဖြစ်ဖို့ လိုပါတယ်။ လိုက်နာမှုမရှိဘူးဆိုရင် ဒီကုမ္ပဏီတွေဟာ မြန်မာနိုင်ငံကို လာကူညီရာမရောက်ဘဲနဲ့ မြန်မာနိုင်ငံကို လာပြီးတော့ အနှောင့်အယှက်ပေးသလို ဖြစ်နေနိုင်ပါတယ်။ ဒီအခြေနေကို နိုင်ငံတကာမှာ ကောင်းသတင်းကြော်ဇောနေတဲ့ ဘယ်ကုမ္ပဏီကမှ မလုပ်ပါဘူး။ မြန်မာနိုင်ငံမှာ အခုလည်းမလုပ်ဖို့ နောက်လည်းမလုပ်ဖို့ ကျွန်တော် ပြောချင်ပါတယ်။
မေးမြန်းသူ။ ။ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ကျွန်တော် နည်းနည်းမေးချင်ပါတယ်။ စောစောက ဝန်ကြီးချုပ် ပြောသွားတဲ့အထဲမှာ မဏ္ဍပ်တွေမှာ ရှောင်တခင် ဝင်စစ်မယ်လို့ ပြောထားပါတယ်။ သင်္ကြန်မတိုင်ခင်မှာကော ဘယ်လို စစ်ဆေးမှုတွေ လုပ်ဖို့ ရှိပါသလဲ။
ဝန်ကြီးချုပ်။ ။ ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့ ရှေ့မှာကော အခုကောအစဉ်တစိုက် ကြိုးပမ်းနေတာရှိပါတယ်။ မူးယစ်ဆေးဝါးနဲ့ ပေါ်ပေါက်လာတဲ့ အခင်းကိစ္စရပ်တွေမှာ ဖမ်းမိခဲ့တဲ့ မူးယစ်ဆေးဝါးနှုန်းထားတွေက အင်မတန်များပါတယ်။ အဲဒါနဲ့အတူ လက်နက်တွေပါ ပါလာတဲ့အတွက် ဒီသင်္ကြန်ကို ပြည်သူလူထုရဲ့ လုံခြုံရေးကို စိတ်ပူပါတယ်။ ပြည်သူလူထုရဲ့ ပျော်ရွှင်နေမှုကို မထိခိုက်အောင် လုံခြုံရေးပိုင်းကို ကျွန်တော်တို့ ကြိုးပမ်းပါမယ်။ ဒီသင်္ကြန်မဏ္ဍပ်တွေအတွင်းမှာ မူးယစ်ဆေးဝါးကို သင်္ကြန်ကိုအကာအကွယ်ယူပြီး ရောင်းဝယ်နေတာမျိုး သင်္ကြန်ကိုအကာအကွယ်ယူပြီး မူးယစ်ဆေးဝါးတွေကို သယ်ယူနေတာမျိုးတွေရှိလာမယ်ဆိုရင် လုံခြုံရေးဘက်ကနေ ဆောင်ရွက်သွားရမယ့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနဆိုင်ရာ အသီးသီး ပြည်သူလူထုနဲ့ ပူးပေါင်းပြီး ဒီအခြေနေတွေကို ဆောင်ရွက်မှာ ဖြစ်ပါတယ်။ မူးယစ်ဆေးဝါးဟာ ကျွန်တော်တို့ နိုင်ငံအတွက် အလွန်အင်မတန်ကို စိုးရိမ်စရာကောင်းတဲ့အခြေအနေတစ်ခု ဖြစ်ပါတယ်။ ဒီကာလဟာ အသွင်ကူးပြောင်းရေးကာလရဲ့ ပထမဆုံးခြေလှမ်းဖြစ်တဲ့အတွက် တည်ငြိမ်အေးချမ်းရေးကလည်း အင်မတန်မှ အရေးကြီးပါတယ်။ ဒီအခြေနေကို ပြည်သူလူထုက တကယ့်ကို အသိတရားရှိရှိနဲ့ ပြုပြင်ပြောင်းလည်းနိုင်မယ်ဆိုတာကို အတိတ်မှာ ပြသပေးပြီးသားတွေရှိပါတယ်။ ဒါကြောင့် ရှေ့မှာလည်း အကောင်းဆုံးဆောင်ရွက်နိုင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ မဏ္ဍပ်တွေအနေနဲ့လည်း ကျွန်တော်တို့ရဲ့ လုံခြုံရေး ကင်မရာတွေထဲကနေ အမြဲ ကြည့်နေမှာပါ။ ဒါဟာ စည်းမျဉ်းစည်းကမ်းတွေထဲမှာကို သတ်မှတ်ထားပြီး ဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ ပျော်ရွင်နေတာကို ပျက်စီးသွားစေနိုင်လောက်အောင် မူးယစ်ရမ်းကားနေတာတွေ ဖြစ်လာရင် ရဲတပ်တွေ တရားစီရင်ရေးတွေကနေ ချက်ချင်းအရေးယူဆောင်ရွက်မှာပါ။ တရားရုံးတွေကိုလည်း ခရိုင်အလိုက်ဖွင့်လှစ်ထားမှာ ဖြစ်ပါတယ်။ ချက်ချင်း ဥပဒေကြောင်းအရအရေးယူမှာ ဖြစ်ပါတယ်။
မေးမြန်းသူ။ ။ မဏ္ဍပ်တွေက စည်းမျဉ်းစည်းကမ်းတွေ မလိုက်နာဘူး၊ သရုပ်ပျက်ဝတ်စားတာတွေ ရှိလာတယ်ဆိုရင်ကော အရေးယူမှာက ဘယ်လို ပုံစံမျိုး ဖြစ်မလဲ။
ဝန်ကြီးချုပ်။ ။ ကျွန်တော်တို့ဘက်က အခြေနေတိုင်းကို ထောင်ဒဏ်တွေ အရေးယူတာတွေဆိုတဲ့ ပုံစံမျိုးမစဉ်းစားထားပါဘူး။ လူ့ ဂုဏ်သိက္ခာဆိုတာ ရှိပါတယ်။ ကိုယ့်မိသားစုတွေ၊ ကိုယ့်ရဲ့ ဖြတ်သန်းနေခဲ့တဲ့ အနုပညာလောကတွေမှာပဲ ဖြစ်ဖြစ်၊ လူမှုဘဝနယ်ပယ်အသီးသီးမှာပဲ ဖြစ်ဖြစ် ဂုဏ်သိက္ခာတွေရှိပါတယ်။ ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာ ဂုဏ်သိက္ခာကို အလွန်အင်မတန် တန်ဖိုးထားပါတယ်။ သမိုင်းတလျောက်မှာ ဒီလူတွေဟာ ဂုဏ်သိက္ခာမရှိတဲ့လူတွေအဖြစ် မရောက်သွားအောင် ကျွန်တော်တို့ သတိပေးမှုတွေနဲ့ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒီသတိပေးမှုတွေကမှ မရဘူးဆိုရင် ကျွန်တော်တို့က ရှေ့ကို တလှမ်းတိုးလာမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့က ဖြစ်ဖြစ်ချင်းဖမ်းပြီးထောင်ထဲကို ပို့ပစ်ဖို့ ကျွန်တော်တို့က စဉ်းစားနေတာမဟုတ်ပါဘူး။ အခုအစိုးရသစ်ဟာ အသိတရားနဲ့ အုပ်ချုပ်တဲ့အစိုးရမျိုး ဖြစ်စေချင်ပါတယ်။ အကြောက်တရားအောက်ကနေ ကင်းလွတ်စေချင်ပါတယ်။ ယဉ်ကျေးမှုအစဉ်အလာတွေကို ကိုယ့်ရဲ့အသိတရားနဲ့ ဝတ်ဆင်ပါ။
မေးမြန်းသူ။ ။ ကန်ပတ်လမ်းနဲ့ ကမ္ဘာအေး ဘုရားလမ်းမှာ မဏ္ဍပ်တွေ လုပ်ရင် ရေရှားပါးမှု ဖြစ်မှာ စိုးလို့ဆိုပြီး ပြောပါတယ်။ ဒီရေတွေက သောက်သုံးတွေ မဟုတ်တဲ့အတွက် ဒီရေတွေ သုံးမယ်ဆိုရင် ရေရှားပါးမှုမဖြစ်ဘူးလို့ ပြောနေတာလည်းရှိပါတယ်။ အဲဒီ ၂ချက် ကွာခြားမှုလေးနည်းနည်းလောက်ရှင်းပေးစေချင်ပါတယ်။
ဝန်ကြီးချုပ်။ ။ ကျွန်တော်တို့မြို့ရဲ့ အေးချမ်းနေမှုအခြေနေတွေဟာ ကန်တွေပေးမှာ မူတည်ပါတယ်။သဘာဝပတ်ဝန်ကျင်းတွေပေါ်မှာ မူတည်ပါတယ်။ ဒီသဘာဝပတ်ဝန်းကျင်တွေ ကန်တွေဟာ ခန်းခြောက်သွားတာနဲ့အမျှ ကျွန်တော်တို့ ကြုံဆုံလာရမယ့် ကိစ္စတွေအများကြီးရှိပါတယ်။ အခုကို ကျွန်တော်တို့မှာ အခက်အခဲတွေရှိပါတယ်။ ငမိုးရိပ်ဆည်ကြီးဟာ ရေဝေရေလဲတောတွေ အင်မတန်နည်း လာပါတယ်။ ဒီရေတွေဟာ ကျွန်တော်တို့ ရန်ကုန်မြို့ကို ဖြန့်ချိနေတဲ့ရေ တွေဖြစ်ပါတယ်။ ဒီဟာကို ကျွန်တော်တို့အမြန်ဆုံး ထိန်းညှိဖို့ ကြိုးပမ်းနေတဲ့ ကာလ ဖြစ်ပါတယ်။ သပြေခက်လေးနဲ့ ရေပက်ပြီးတော့ နှစ်ဟောင်းကို ဆေးလိုက်လို့ရပါတယ်။ ရေပါတီ လုပ်မှ မဟုတ်ပါဘူး။ မီးသတ်ပိုက်ကြီးနဲ့ သူများကို နာကျင်အောင်ရေပက်လိုက်ရမှ ခွက်စောင်းခုတ်ပြီးတော့ ရေပက်လိုက်ရမှဆိုတဲ့ အခြေအနေထက် နှစ်ဟောင်းကို သင်ခန်းစာထုတ်ယူပြီးတော့ ရှေ့ကို ဘာလုပ်သင့်တယ်ဆိုတာ လမ်းညွှန်ပြနိုင်တဲ့ မဏ္ဍပ်မျိုးတွေ ဖြစ်စေချင်ပါတယ်။
မေးမြန်းသူ။ ။ သင်္ကြန်ရောက်ဖို့ ၁၀ရက်လောက်ပဲလိုတော့တဲ့အချိန်အတွင်းမှာ အခုလိုမျိုးလုပ်တယ်ဆိုတော့ လုံလောက်ပါ့မလား။ ဘာဖြစ်လို့ ဒီထက်အချိန်ယူပြီးလုပ်သင့်တယ်လို့ မထင်တာလဲ။
ဝန်ကြီးချုပ်။ ။ ကျွန်တော်တို့ အချိန်ကို အများကြီးယူချင်ပါတယ်။ ကျွန်တော်တို့က ဧပြီ ၁ရက်နေ့ကျမှ ကျွန်တော်တို့ အစိုးရအဖွဲ့သစ် ရပ်တည်နိုင်တာ ဖြစ်ပါတယ်။ အစိုးရအဟောင်းကလည်း မဏ္ဍပ်ချပေးခဲ့ဖို့အခြေအနေဟာ သူ့စီမံခန့်ခွဲမှုမရှိတော့တဲ့အလုပ်ကိုသလုပ်ခဲ့သလို ဖြစ်မှာ သူတို့ကလည်း စိုးရိမ်ပါတယ်။ ဒီအခြေနေကြောင့် အချိန် လုံလောက်မှုမရဘူးလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။
No comments:
Post a Comment