Thursday, April 21, 2016

ပလောင်ဒေသတွင် လှုပ်ရှားနေသည့်တပ်မ ၄ခု ဆုတ်ခွာသည့်အတွက်ကြိုဆို

ဖနိဒါ

ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ဒေသအတွင်း လှုပ်ရှားနယ်မြေအတွင်းရှိ မြန်မာ့တပ်မတော်၏ တပ်မ ၄ ခု ပြန်လည် ဆုတ်ခွာသွားသဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အထောက်အကူ ပြုသဖြင့် ကြိုဆိုကြောင်း ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး၊ ပလောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(PSLF/TNLA )က ပြောဆိုလိုက်သည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်မှစတင်၍ PSLF/TNLA နယ်မြေအတွင်း လှုပ်ရှားလာခဲ့သော မြန်မာတပ်မတော်၏ တပ်မ ၆၆၊ ၇၇၊ ၈၈၊ ၉၉ တပ်ဖွဲ့များ အစိုးရ သစ်လက်ထက် သင်္ကြန်ကာလအတွင်း နောက်တန်းသို့ ပြန်လည် ဆုတ်ခွာသွားမှုအပေါ် PSLF မှ နိုင်ငံခြားရေးဌာနတာဝန်ခံ ဗိုလ်မှူး တာပန်လက ပြောသည်။

“၂၀၁၃ ခုနှစ်ကတည်းကရောက်နေတဲ့ တပ်မ တချို့တပ်တွေ သင်္ကြန်မတိုင်ခင်နဲ့ သင်္ကြန်ကာလ အတွင်းမှာ သူတို့ပြန်ရုပ်သိမ်းသွားတယ်။ ရှေ့ဆက်သွားမဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ဒါဟာ အပြု သဘောဆောင်တယ်။ ကျနော်တို့ဘက်ကတော့ ကြိုဆိုတယ်။ အဲဒီအပြင် ကျန်ရှိနေသေးတဲ့ တပ်မ ၃၃နဲ့ ကျနော်တို့ဘက် ရောက်ရှိနေတဲ့ RCSS ဘက်က ပြန်ရုပ်သိမ်းသွားမယ်ဆိုရင်တော့ ဒါရှေ့ဆက်သွားမဲ့ ဖြစ်စဉ်တွေမှာတော်တော်လေး အထောက်အကူပြုတာပေါ့”ဟု သူက မဇ္စျိမကို ပြောသည်။

သို့သော် မြန်မာ့တပ်မတော်၏ တပ်မ ၃၃ တစ်ခု ကျန်ရှိနေသေးသလို၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော်(RCSS/SSA) တပ်အင်အား ၂၀၀၀ ကျော် ပြန်လည် ဆုတ်ခွာသွားခြင်း မရှိသေးသဖြင့် ၄င်းတပ်များကိုလည်း ဆုတ်ခွာပေးရန် တောင်းဆိုလိုက်သည်။

မြန်မာနိုင်ငံ အပြောင်းအလဲကာအတွင်းTNLA အနေဖြင့် တပ်နိုင်သမျှ အထောက်အကူပြုစေရန် မြန်မာတပ်မတော်နှင့် တိုက်ပွဲမဖြစ်ပွားစေရန်နှင့် လက်ဖက်ခူးချိန်(ရွှေဖီချိန်) ကာလအတွင်း တိုက်ပွဲများ မဖြစ်စေရန် ရှောင်ရှားသည့်အနေဖြင့် လုပ်ဆောင်နေရသည်ဟု ဗိုလ်မှူး တာပန်လက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဦးဆောင်သော အစိုးရသစ်လက်ထက် တအာင်းဒေသအတွင်း နှစ်နှင့်ချီကြာ ဝင်နေသော မြန်မာ့တပ်မတော် တပ်မ ၄ ခု နှင့် စကခ တပ်ရင်းအချို့ နောက်တတန်းဌာနချုပ်စခန်းများဆီသို့ ပြန်သွားကြသည်မှာ တအာင်း မိဘပြည်သူများအပေါ် ဝန်ထုတ်ဝန်ပိုးများ လျော့ကျစေပြီး ငြိမ်းချမ်းရေးအတွက် အရေးကြီးသည့် ဆောင်ရွက်ချက်အဖြစ် ကြိုဆိုလိုက်ကြောင်း PSLF က ဧပြီလ ၁၀ ရက်က ထုတ်ပြန်လိုက်သော နှစ်သစ်မင်္ဂလာသဝဏ်လွာတွင် ဖော်ပြထားသည်။

တအာင်းဒေသမှ မြန်မာ့တပ်မတော်က နောက်တန်းသို့ ဆုတ်ခွာခဲ့သည်ဟုဆိုသော်လည်း လက်ရှိ မြန်မာ့တပ်မတော်သည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် ရခိုင်ပြည်နယ်အတွင်းရှိ ရက္ခိုင်တပ်မတော်(AA)တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်သည်။

ယခင်အစိုးရလက်ထက် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း(NCA) အတွက် PSLFက တွေ့ဆုံဆွေးနွေးမှုတွင် ပါဝင်ခဲ့သော်လည်း ယင်းတို့ တပ်အား ယခင်အစိုးရမှ လက်ခံနိုင်ခြင်း မရှိခဲ့သဖြင့် လက်မှတ်ရေးထိုးနိုင်ခြင်း မရှိခဲ့ပေ။

No comments: