Thursday, April 21, 2016

တြိဂံဒေသ မိုး အဆက်မပြတ် ရွာသွန်းမှုကြောင့် တောင်ယာ မီး မရှို့နိုင်

Kachinnews


ကချင်လူမျိုးများ ဆင်းသက်လာရာ ဌာနေဖြစ်သည့် ကချင်ပြည်နယ် တြိဂံဒေသ (Uma Ga)တွင် ထူးထူးခြားခြား မိုး အဆက်မပြတ် ရွာသွန်း နေမှုကြောင့် ယခုနှစ် တောင်ယာ မီးမရှို့နိုင်သေးကြောင်း သိရပါသည်။

လွန်ခဲ့သည့် ဖေဖော်ဝါရီလမှ ယနေ့ ဧပြီ ၁၈ ရက်နေ့ အထိတွင် စုစုပေါင်း ၂ ရက်ခန့်သာ မိုးမရွာဘဲ နေထွက်ခဲ့သောကြောင့် ဒေသခံအများစုမှာ တောင်ယာ မီး မရှို့နိုင်သေးကြောင်း ယင်း ဒေသခံများက ပြောဆိုနေကြပါသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO အုပ်ချုပ်သည့် တြိဂံဒေသ ဟု ခေါ်ဆိုသော မေခမြစ်နှင့် မေလိခမြစ် ကြား (Mali-N’Mai Walawng) နှင့် ခရန်မြစ်နှင့် မေလိခမြစ် ကြား (Mali-Hkrang Walawng) ဒေသ တို့တွင် ပြည်သူ ထောင်ဂဏန်း နေထိုင်ပြီး အဓိက တောင်ယာ လုပ်ငန်းဖြင့် အသက်မွေးပါသည်။

နေသာခဲ့သည့် ၂ ရက်အတွင်း တချို့တောင်ယာ မီးရှို့နိုင်ခဲ့သော်လည်း အကုန် မလောင်ကျွမ်းခဲ့ကြောင်း သိရသည်။ ထို့ကြောင့် လာမည့် မေလ အထိ မီး မရှို့နိုင်ပါက ယခုနှစ်အတွက် အစားအသောက် စိုးရိမ်ရမည့် အခြေအနေရှိကြောင်း သိရပါသည်။

ဆွမ်ပရာဘွမ် (Sumprabum) မြို့အနီး တြိဂံဒေသ မလိယန် (Mali Yang) စစ်ပြေးဒုက္ခသည် (IDPs) များကို ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)မှ အစားအသောက်နှင့် ဆေးဝါးများကို ကူညီပေးနေပါသည်။

No comments: