Wednesday, April 20, 2016

ကမ်းပါပြိုကျမှုကြောင့် ရွှေ့ပြောင်းနေရသော ထုံးမကြီးကျေးရွာသို့လွှတ်တော်ကိုယ်စားလှယ်များ သွားရောက်

ဒေါင်းလူ၊တင်ရွှေ

ဧရာဝတီမြစ်ရေတိုက်စားကာ ကမ်းပါးပြိုကျမှုကြောင့် ရွှေ့ပြောင်းနေရသော မင်းဘူး/စကု မြို့နယ် ထုံမကြီးကျေးရွာသို့ ဧပြီ ၁၉ ရက်နေ့နံနက်ပိုင်းက မင်းဘူး/စကုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တို့ သွားရောက်ကြည့်ရှုခဲ့ကြောင်းသိရှိရသည်။

မကွေးတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးကျော်က " ဧရာဝတီမြစ်ကမ်းနံဘေးရှိတဲ့ ထုံးမကြီးကျေးရွာဟာ မြစ်ရေတိုက်စားမှုကြောင့် နှစ်၃၀အတွင်းမှာ ကမ်းပါးပြိုကျလာခဲ့တာ မူလရွာနေရာကနေ (၁)မိုင်ခန့်ဝေးလာတဲ့ အထိရွာနေရာ တစတစဆုံးရှုံးလာခဲ့ရတဲ့ရွာတစ်ရွာပါ၊မူလရွာနဲ့ကမ်းပါးစပ်အကြားမြေနုကျွန်းတွေကုန်သလောက်ဖြစ်သွားတဲ့အပြငရွာလူနေအိမ်တွေ အတွက်ထပ်ရွေ့စရာ မြေလွတ်မရှိတော့တဲ့အခြေအနေရောက်သွားတယ်" ဟုပြောသည်။

ယခုနှစ် သင်္ကြန်တွင်းကာလတွင် ပေ၃၀ခန့် ကမ်းပါးကထပ်ပြိုခဲ့ခြင်းကြောင့် လက်ကျန်အိမ်များနေရာသစ်သို့ မဖြစ်မနေရွေ့ပြောင်းရမည်ဖြစ် သဖြင့် ရွာသားများ စုပေါင်းအားစိုက်နှင့် မြေဧက ၁၅ဧကကိုဝယ်ယူပြီး အလျား ၆၀ အနံ၆၀ အိမ်ဝိုင်းကွက်များကို စနစ်တကျ အကွက်ချပေးရန် စီစဉ်နေကြောင်း၊မြို့နယ်အုပ်ချုပ်ရေးမှူး၊မြို့နယ်မြေစာရင်းတို့ကိုလည်း ပူးပေါင်းပါဝင်ရန် တိုက်တွန်းသွားမည်ဖြစ်ကြောင်း ဦးနေမျိုးကျော်က ပြောသည်။

ရေကာတာတည်ဆောက်ထားမှု စံချိန်စံညွှန်းအပိုင်းနှင့်ခံနိုင်မှုပမာဏကိုသိနိုင်ရန် အတွက်လည်း ဧရာဝတီမြစ်ကမ်း မန်းချောင်းနှင့် မြစ်ဆုံသည့်နေရာကိုပါသွားရောက်လေ့လာခဲ့ကြောင်း၊ ရွာနေရာသစ်တွင် ရေတွင်းတွေတူးပေးနိုင်ရန်၊ သစ်ပင်စိုက်နိုင်ရန် သက်ဆိုင်ရာဌာနများဖြင့် ညှိနှိုင်းဆောင်ရွက်ပြီးဆက်လက်ကြိုးပမ်းပေးသွားမည်ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။


" အခုလို လွှတ်တော်ကိုယ်စားလှယ်တွေက ရွာအထိလာပြီး ကြည့်တာ မေးတာတွေရယ် ပြီးတော့ အုပ်ချုပ်ပိုင်းက တာဝန်ရှိသူတွေနဲ့ ညှိညှိနှိုင်းနှိုင်းနဲ့ ရွာအတွက်လုပ်ဆောက်ပေးမယ်ဆိုတော့ကျွန်တော်တို့ ရွာလူထုက အားလုံးကို ကျေးဇူးတင်ပါတယ်" ဟု ထုံမကြီးကျေးရွာတောင်သူ ဦးမြင့်က ပြောသညိ။

No comments: