Saturday, April 16, 2016

အစိုးရတပ်ကို KIA မှ ဗုံးဖြင့် တုံ့ပြန် တိုက်ခိုက်

Kachinnews


လိုင်ဇာ ဗဟိုဌာနချုပ်အနီး ဘန်ဒေါင်ယန် (Ban Dawng Yang) KIA တပ်ရင်း (၁၈) ၏ ရှေ့တန်း စခန်းငယ် ၂ ခုအား အပြင်းအထန် တိုက်ခိုက်သိမ်းပိုက် လိုက်သော အစိုးရတပ်ကို ယနေ့ KIA တပ်ဖွဲ့များမှ ဗုံးဖြင့် ပြန်လည် တုံ့ပြန် တိုက်ခိုက်ခဲ့သည်။

ဒေသ စံတော်ချိန် မနက် ၉ နာရီခန့်အချိန် KIA တပ်ဖွဲ့မှ ဆုတ်ခွာသွားသည့် နေရာသို့ ဝင်ရောက်လာသည့် အစိုးရတပ်ကို အဝေးထိန်း ဗုံးလေးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ ထိခိုက် ကျဆုံးမှု များနိုင်ကြောင်း KIA ရှေ့တန်းသတင်းမှ ပြောသည်။

ယခုလို ထိခိုက်ခံရမှုကို မကျေနပ်သော အစိုးရတပ်များသည် အနီးနားတွင်ရှိသော KIA တပ်များကို လက်နက်ကြီးများဖြင့် အချိန် အတန်ကြာ ပစ်ခတ်ခဲ့ကြောင်း သိရပါသည်။

တိုက်ပွဲ ဖြစ်ပွားနေမှု သည် ယခုချိန် ရပ်တန့်နေသော်လည်း စစ်ရေးအခြေအနေမှာ ပိုပိုတင်းမားလာနေဆဲ ဖြစ်ကြောင်း သိရပါသည်။

မြန်မာအစိုးရတပ်သည် မြစ်ကြီးနား-ဗန်းမော်ကားလမ်းမ အနောက်ဘက် နမ့်ဆန်ယန်ကျေးရွာ ၏ အောက်ပိုင်း တွင်ရှိသော KIA တပ်များ အားလုံးကို လုံးဝ ရှင်းလင်းပစ်မည့် ‘စစ်ဆင်ရေး’ ပြုလုပ်နေကြောင်း ပြောသည်။ ယခုချိန် မြစ်ကြီးနား၊ ဗန်းမော်ဘက်မှ စစ်အင်အား အလုံးအရင်းကြီးကိုလည်း ယင်းဒေသသို့ ပို့ဆောင်ထားပြီး ဖြစ်ကြောင်း သိရပါသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA သည် ယခု တက်လာသည့် အရပ်သား အစိုးရသစ်နှင့် နိုင်ငံရေး ဆွေးနွေးရေးကို အဓိက ထားသော်လည်း တစ်ဖက်မှာ အစိုးရတပ်၏ ထိုးစစ်ဆင် တိုက်ခိုက် နေမှုများကို ခုခံသွားမည် ဖြစ်ကြောင်း KIA အရာရှိများပြောသည်။

No comments: