Wednesday, April 6, 2016

အစိုးရသစ်နှင့် နိုင်ငံရေးဆိုင်ရာတွေ့ဆုံရန်အတွက် KIO လုပ်ငန်းဆိုင်ရာ အစည်းအဝေးကျင်းပ

ဖနိဒါ

အစိုးရသစ်နှင့်နိုင်ငံရေးဆိုင်ရာ တွေ့ဆုံ ဆွေးနွေးနိုင်ရန် ကချင်လွတ်လပ်ရေးအဖွဲ့(KIO)က အရပ်သားများ ပါဝင်သော “ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးရှေ့လုပ်ငန်းစဉ် အကြံပေးအဖွဲ့”(Shawng lam Mungmasa Jasat Hpung- SMJH)၏ လုပ်ငန်းဆိုင်ရာ အစည်းအဝေးကို ဧပြီ ၆ ရက်တွင် စတင်ကျင်းပနေပြီ ဖြစ်သည်။

အစည်းအဝေးကို KIO ဌာနချုပ် လိုင်ဇာမြို့တွင် ကျင်းပနေပြီး အဖွဲ့တွင် အရပ်သားများအပါအဝင် ၃၆ ဦး တက်ရောက် ဆွေးနွေးနေပြီး ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့(PCG)မှ ကိုယ်စားလှယ်များလည်း တက်ရောက်နေခြင်း ဖြစ်သည်။

အကြံပေးအဖွဲ့တွင် KIOမှ ခေါင်းဆောင် ၅ ဦးနှင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ရန်ကုန်၊ မန္တလေး စသည် နေရာအနှံ့တို့မှ အရပ်သား ပြည်သူလူထု ၃၁ ဦး အပါအဝင် စုစုပေါင်း ၃၆ ဦး ပါဝင်မည် ဖြစ်သည်။

အစိုးရနှင့် တွေ့ဆုံဆွေးနွေးရန်အတွက် အဓိက ဖွဲ့စည်းထားခြင်းဖြစ်ပြီး အစိုးရ မဟုတ်သော သာမန်အရပ်သားများ၊ နိုင်ငံရေး ပါတီများတွင် ပါဝင်ခြင်း မရှိသူများနှင့် ငြိမ်းချမ်းရေးတွင် စိတ်ဝင်စား သူများအား ရွေးချယ်ထားပြီး KIO အရပ်ဘက် အရာရှိ ဦးလမာဂွမ်ဖန်း ဦးဆောင်ကာKIOဒုဥက္ကဌ(၂) ဗိုလ်ချုပ် ဂွမ်မော်၊ ဆရာကြီး ဦးဆွမ်းလွတ်ဂမ်၊ ဗိုလ်မှူးချုပ် ဇောင်းဘုတ်ထမ်း၊ ဗိုလ်မှူးကြီး အင်ဘန်ဘွမ်ဆင်ဝါးတို့ ၅ ဦးနှင့်KIO၏ ကချင်အမျိုးသမီး အစည်းအရုံးမှ ဒေါ်လဗျ ပန်ဇင်နှင့် ဒေါ်လဖိုင် ဂျာတောင်တို့ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

သမ္မတဦးထင်ကျော်အစိုးရအဖွဲ့နှင့် နိုင်ငံရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးရန်အတွင် ကြိုတင်ပြင်ဆင်မှုအနေဖြင့် ၂၀၁၆ ခုနှစ် ဇန်နဝါရီလက လိုင်ဇာတွင် ကျင်းပသော လူထုကိုယ်စားလှယ်များ ပါဝင်သော အစည်းအဝေးမှ “ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးရှေ့လုပ်ငန်းစဉ် အကြံပေးအဖွဲ”ကို စတင် ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။

ထိုအစည်းအဝေးကို ဧပြီလ ၆ ရက်မှ ၈ ရက်ထိ သုံးရက်ကြာ ကျင်းပကာ ယင်းအကြံပေးအဖွဲ့တွင် ပါဝင်သူများ၏ အမည်စာရင်းများကို တရားဝင် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း သိရသည်။

No comments: