Wednesday, April 6, 2016

တရားစွဲခံထားရသည့် PJS အဖွဲ့ဝင်များ ရုံးချိန်းလာရန်ခက်ခဲနေ

ဖနိဒါ

တရားစွဲခံထားရသည့်လူထု အခြေပြုမူးယစ်ဆေးဝါ တိုက်ဖျက်ရေး(PJS )အဖွဲ့ဝင် ၁၄ ဦးတို့သည် ကျေးရွာမှ မိုင်ပေါင်း ၂၆ ကျော် အကွာအဝေးရှိ မြစ်ကြီးနားမြို့ တရားရုံးသို့ အမှု စစ်ဆေးခြင်းမရှိဘဲ ၁၀လကျော်သည်အထိ ရုံးချိန်းအပတ်စဉ်သွား နေရသည့်အတွက် ငွေကြေးကုန်သည့်အပြင်သွားလာရေး ခက်ခဲနေကြောင်း တရားစွဲခံနေရသူ ဦးဇော်ယော် ကပြောသည်။

တရားစွဲခံထားရသူများသည် မြစ်ကြီးနားမြို့နှင့် ၂၆ မိုင်ကွာဝေးသည့် အာလမ်၊ ဒွမ်ဂန်၊ လုံဂါဇွပ်နှင့် ကျိန်ခရန် ကျေးရွာများမှဖြစ်ပြီး တရားရုံးတက်ရန်အတွက် ရက်သတ္တပတ်လျှင် လမ်းစရိတ်နှင့် စားစရိတ်သည် အနည်းဆုံး ကျပ် ၃၀၀၀၀ မှ ကျပ် ၄၀၀၀၀ အထိ ကုန်ကျကြောင်း ၎င်းက ပြောသည်။

“ကျေးရွာမှာက စီးပွားရေးလည်း ခက်ခဲတယ်။ သူတို့ အမှုလုပ်တာ အမှုအကျိုးဆောင် ရှေ့နေတွေတောင် နားမလည်တော့ဘူး။ အစက ကျွန်တော် နဲ့ ဆရာမုန်ဂျစ်ကိုဘဲ အမှုစွဲတာ အခုက လူငယ်တွေလည်း ပါလာတယ်။ ကျွန်တော်တို့က ဘာသာရေးမှာ လုပ်နေတာဆိုတော့ တခြားသွားစရာမလိုဘူး။ လူငယ်တွေက ဘယ်ကိုမှ သွားလို့လည်း မရတော့ဘူး။ အကျယ်ချုပ်ခံနေရသလို ဖြစ်သွားတယ်”ဟု ဦးဇော်ယော်က မဇ္စျိမကို ပြောသည်။

မတ် ၄ ရက် ရုံးချိန်းတွင်လည်း အမှုစစ်ဆေးခြင်း မရှိဘဲ လာမည့် ဧပြီ ၂၇ ရက်တွင် ရုံးချိန်းပေးလိုက်သည်ဟု သူက ပြောသည်။

“တရားလိုတွေကို ပြန်စစ်ဖို့ ခေါ်ထားတာ။ ၂ ခါ၊ ၃ ခါ တရားရုံးကို မလာဘူး။ မနေ့ကလည်း ခွင့်တောင်းထားတယ်လို့ဘဲ ပြောတယ်။ အခုဖြစ်နေတာက အစိုးရ ရဲတပ်ဖွဲ့နဲ့ ရွာလူကြီးတွေ၊ အစိုးရပိုင်းဆိုင်ရာတွေ ဖြစ်စေချင်တဲ့ အစီအစဉ်မှာ ဝင်သွားတာဘဲ”ဟု သူက ဆက်လက် ပြောဆိုသည်။

ယခုကဲ့သို့ အမှုကြန့်ကြန်ရခြင်းသည် လူထုအခြေပြု ကချင်မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းနှင့် ပတ်သက်၍ အစိုးရဘက်မှ ဟန့်တားမှုများ ရှိနေခြင်း ဖြစ်သည်ဟု အမည်မဖော်လိုသူ ကချင်ဘာသာရေးဆရာတစ်ဦးက ပြောသည်။

“ဘာကြောင့် ဒီလောက်ကြာလဲဆိုတော့ အခုကျွန်တော်တို့ စုံစမ်းထားသလောက် ရဲတပ်ဖွဲ့တွေဘက်က ညစ်ပတ်ထား တယ်လို့ နားလည်ထားတယ်။ ညစ်ပတ်ထားတယ်ဆိုတာက ကျွန်တော်တို့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းမှာ အနှောက်အယှက်ပေးနေတာဘဲ”ဟု ၎င်းက မဇ္စျိမကို ပြောသည်။

၂၀၁၅ ခုနှစ် မတ်လ ၈ ရက်က အာလမ်ကျေးရွာအုပ်စုမှ လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့အား ဆဒုံးဘက်မှ ဘိန်းရောင်းဝယ်သူများ ရောက်ရှိလာသည်ဟု သတင်းရရှိသဖြင့် အာလမ်ကျေးရွာရှိ ကက်သလစ်ဘုရားရှေ့တွင် စောင့်ကြည့် နေချိန်တွင် အူဗစ် ရွာက ဦးဆောလောယ ဆိုင်ကယ်ကို မူးယစ်ဆေးဝါးရှိသည်ဟု ယူဆပြီ လိုက်ဖမ်းရာ ဒဏ်ရာရခဲ့ သည့်အတွက် ကာယကံရှင်က တရားရုံးသို့တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ဦးဇော်ယော က ပြောသည်။

အမှုရင်ဆိုင်နေရသော်လည်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေသဖြင့် ၄င်းတို့၏ အာလမ်၊ ဒွမ်ဂန်၊ အူဗစ်၊ ကျိန်ကရန်၊ လုန်ဂါဇွပ်ကျေးရွာများအတွင်း မူးယစ်ဆေးဝါး သုံးစွဲသူများနှင့် ရောင်းဝယ်သူများ အနည်းငယ် လျော့နည်းလာပြီ ဖြစ်ကြောင်း ဦးဇော်ယောက ပြောသည်။

တရားလိုနှင့် တရားလိုပြ သက်သက်များလည်း တရားရုံးသို့ လာရောက်ရန် ဆင့်ခေါ်ထားသော်လည်း ၂ လကြာသည်အထိ ရောက်လာခြင်း မရှိသေးသလို၊ တရားရုံးမှ အမှုအား အမြန်စစ်ဆေးခြင်း မရှိခြင်းကြောင့် ကြန့်ကြာနေခြင်း ဖြစ်သည်ဟု တရားစွဲခံထားရသူများအား အကျိုးဆောင်ပေးနေသူ ရှေ့နေ ဦးဂျီမာခါးက ပြောသည်။

“တရားရုံးရောက်တော့ အမှုလည်း မစစ်ဆေးဘဲ ပြန်ပြန်သွားတာ အချိန် အရမ်းကြာနေပြီ။ ရုံးချိန်းဘဲ ပေးလိုက်တယ်။ သူ့ကို (ဦးဆောလောယ)ကို မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့တွေက ဖမ်းပြီး ရိုက်နက်တယ်ဆိုပြီး တရားရုံးကို တိုင်ထားတာ”သူက မဇ္စျိမကို ပြောသည်။

No comments: