မြတ်ပြည့်ဖြိုး
နံနက်ဝေလီဝေလင်း..၊ အချိန်က ၅ နာရီထိုးတော့မှာ ဖြစ်ပေမယ့် မိုးပေါ်က လခြမ်း ကွေးကွေးလေးက ထင်ထင်ရှားရှား သာနေတုန်း။ မန္တလေးဘူတာကြီးဆီ လာရာလမ်းတလျှောက် မျက်နှာကို ဖြတ်တိုက်လာတဲ့ မနက်ခင်း လေပြေညင်းလေးက စိတ်ကို လန်းဆန်းသွားစေတာတော့ အမှန်ပင်။
မန္တလေးဘူတာကြီး စင်္ကြန် တဖက်တချက်ဆီမှာ ပုဆိုးနှစ်ထပ်ခြုံပြီး ကွေးနေတဲ့သူက ကွေး၊ ဖျာတွေ ခင်းပြီး အဝတ်ထုတ် ခေါင်းခု အိပ်နေတဲ့သူတွေက အိပ်ကြနဲ့ ဇာတ်ပွဲကြည့်ပြီး အိပ်ရေးပျက်ထားသူတွေလို အတုန်းအရုန်းပါပဲ။ ဘူတာကြီး စင်္ကြန်အမှတ် (၁) ရဲ့ အရှေ့ဘက်ဆုံးမှာ မိန့်မိန့်ကြီး တွဲထိုးတာကတော့ နံနက် ၅ နာရီတိုင်း ထွက်တဲ့ မန္တလေး မြို့ပတ်ရထားပဲ ဖြစ်ပါတယ်။ ၅ နာရီထိုးဖို့ ၅ မိနစ် အလိုမှာတော့ ရထားတွဲနားက လူတကိုယ်စာ လက်မှတ် အရောင်း ရုံလေးက သော့ဖွင့်ပါပြီ။
မြို့ပတ်ရထား စီးမယ့် ခရီးသည်တွေ အတွက် လက်မှတ် စရောင်းပါပြီ။ လက်မှတ်ဝယ်တော့ လက်မှတ် အရောင်းစာရေးက အံ့သြတဲ့ ပုံစံနဲ့ကြည့်တယ်။ ကြည့်လည်းကြည့်ချင်စရာ၊ မန္တလေးဘူတာကြီးကနေ မြို့ပတ်ရထားလာစီးတဲ့ ခရီးသည်ဆိုတာ ရှားတောင့် ရှားခဲကိုး။
ရှားမယ် ဆိုလည်း ရှားချင်စရာ။ သေချာစီးမယ် ဆိုရင် မြို့ပတ်ရထားလို့ ပီပီပြင်ပြင် ပြောဖို့ ခက်ပါတယ်။ မြို့ပတ်ရထားက မန္တလေး ဘူတာကြီးကနေ ကျုံးမြို့ရိုးရဲ့ မြောက်ဘက်မှာရှိတဲ့ သူရဲဈေးအထိ ပါပဲ။ သူရဲဈေးဘူတာက တဆင့် မတ္တရာမြို့ဆီ ခရီးဆက်မှာပါ။ ပြောရမယ်ဆိုရင် ဘူတာကြီးကနေ သူရဲဈေး ဘူတာဆီ တွဲထိုးတာကို ကြည့်ကောင်းအောင် မြို့ပတ် ရထားလို့ အမည်မှည့်ထားသလား ထင်ရပါတယ်။ သူရဲဈေး ဘူတာဆိုတာ မြို့ထဲကနေ ဆိုင်ကယ်နဲ့သွားမယ်ဆိုရင် ဆယ်မိနစ်တောင် မမောင်းရတဲ့ နေရာပါ။
ဒါကြောင့်လည်း ဆိုင်ကယ်မြို့တော် ဖြစ်နေတဲ့ မန္တလေးက မြို့တဝက်လောက်ပဲ ပတ်တဲ့ရထားကို အဖက်မလုပ်တာ ဖြစ်တန်ကောင်းပါရဲ့။
မြို့ပတ်ရထားလေးမှာ စက်ခေါင်း အပါအဝင် ခရီးသည်တွဲက သုံးတွဲ၊ ကုန်တွဲက နှစ်တွဲနဲ့ဆိုတော့ စုစုပေါင်း (၆) တွဲပါတာ တွေ့ရတယ်။ ခရီးသည်တွဲ သုံးတွဲစလုံးက ရိုးရိုးတန်းတွေချည်း ပါပဲ။ နောက်ဆုံးမှာတော့ ဗလာအတိ ဖြစ်တဲ့ ကုန်တွဲနှစ်တွဲ၊ အဲဒီကုန်တွဲတွေမှာက သူရဲဈေး ဘူတာရောက်မှ မတ္တရာခရီးစဉ် အတွက် ကုန်တွေ ရောက်လာမှာပါ။
ရထားပေါ်တက်တက်ချင်း ရထားအရှေ့ဘက်က ဆိုင်ခန်းတွေရဲ့ မီးရောင်ကြောင့် မှောင်နဲ့မည်းမည်း ရထားတွဲထဲမှာ မိန်းမကြီး နှစ်ယောက် စကားလက်ဆုံ ကျနေတာကို ရေးတေးတေး မြင်ရပါတယ်။ သူတို့နှစ်ယောက်ဘေးမှာ ခြင်းတွေ၊ ပလုံးတွေ အပြည့်အစုံနဲ့ နေရာချထားပါတယ်။ ထိုင်ခုံမှာ ထိုင်လိုက်ခါ ရှိသေး နားရွက်နားကို တဝီဝီနဲ့ ခြင်တွေ အုံလိုက် ဝဲပျံလာတယ်။
ရထားစထွက်ဖို့ အချက်ပေးသံ ‘တပေါ်ပေါ်’ ထွက်ပေါ်လာတယ်။ နာရီကို ကြည့်မိတော့ ငါးနာရီ ကွက်တိ၊ ရထားချိန်နဲ့ ပက်သက်ပြီး အမျိုးမျိုးဝေဖန်သံ ညံတတ်ကြပေမယ့် မန္တလေးမြို့ပတ် ရထားလေးကတော့ နံနက် ငါးနာရီ စံတော်ချိန် တိတိကျကျနဲ့ ထွက်ခွာလာနိုင်ခဲ့တယ်။ စီးနေကျ ခရီးသည်တွေ ကတော့ မြို့ပတ်ရထားလေးဟာ နေ့တိုင်း အချိန်မှန်မှန် ထွက်ခွာလေ့ ရှိတယ် လို့ ဆိုသတဲ့။
မန္တလေးဘူတာကြီးကနေ စထွက်လာပါပြီ။ ခရီးသည် လေးငါးဆယ်လောက် လိုက်လို့ရတဲ့ ရထားတွဲထဲမှာ ကိုယ်အပါအဝင်နဲ့မှ ခရီးသည်က ငါးယောက်တည်း ရှိတယ်။ ကျန်တဲ့ ခရီးသည်တွဲ နှစ်ခုပေါ်မှာလည်း ခရီးသည် ပါပါ့မလားတောင်မသိ။
မြို့ပတ်ရထားလေးဟာ ဘူတာကြီးရဲ့ တောင်ဘက်ကနေ မြို့အရှေ့ဘက်ခြမ်းကို ပတ်တက်ပြီး မြောက်ဘက် သူရဲဈေး ဘူတာကို အရောက်သွားဖို့ စတင်ထွက်လာခဲ့ပါပြီ။
ဘူတာကြီးကနေ ထွက်ထွက်ချင်း ဆယ်မိနစ်လောက် နေတော့ ပထမဆုံးရောက်တဲ့ ဘူတာက ရှမ်းစုဘူတာ။ ရှမ်းစု ဘူတာဆိုတာ မန္တလေးမဟာမုနိ ဘုရားကြီး အရှေ့မုခ်နားမှာ ရှိပါတယ်။ ဘုရားကြီး အရှေ့မုခ်ဘက် လှမ်းကြည့်မိတော့ ကား၊ ဆိုင်ကယ် တချို့နဲ့ လူစည်ကားစ ပြုနေပြီ။ နံနက်အရုဏ်တက် မျက်နှာသစ်တော်ရေကပ် အမီ လာဖူးကြတဲ့ ဘုရားဖူးတွေနဲ့ အခုလို မနက်က အမြဲစည်ကားနေကျပါ။ ရှမ်းစု ဘူတာမှာတော့ ရထားအရှိန်လေး လျော့ရုံလောက်ပါပဲ၊ ဆက်ထွက်လာပြီး မကြာခင် ကုန်စည်တွေ အဓိက ပို့ဆောင်တဲ့ မြို့ဟောင်းဘူတာကို ရောက်တယ်။ မြို့ဟောင်း ရောက်တော့ ခဏရပ်လိုက်တယ်။ တအောင့်နေတော့ ဥသြသံပေးပြီး ပြန်ထွက်လာပါတယ်။
ရထားလမ်း တလျှောက် ပြတင်းပေါက်ကနေ တဆင့် မနက်ခင်းလေညင်းနဲ့ အတူ လေကြောင်းသင့်တဲ့ အချိန် အမှိုက်ပုံက ပုပ်အဲ့အဲ့ အနံ့တွေကလည်း နှာခေါင်းထဲ အလုံးအရင်းနဲ့ ဝင်ရောက် လာတတ်တယ်။ မကြာခင်ပဲ သိုးခြံဆိုတဲ့ ဘူတာကို ထပ်ရောက်တယ်။ သိုးခြံဘူတာ ဆိုတာ အရင်တုန်းက မန္တလေးမြို့ပြင်က ကျေးလက်သာသာ ရှိတဲ့ဒေသလေး တခုပါ၊ အခုတော့ မန္တလေးမြို့ရဲ့ ခြောက်လမ်းသွား လမ်းမတခု ဖြစ်တဲ့ ၆၂ လမ်းနဲ့ ချိတ်ဆက်ထားတဲ့ နေရာကောင်းတခု ဖြစ်လာပါ တယ်။ သိုးခြံဘူတာ ရောက်တော့ ရထားတွဲပေါ် ရဟန်းတပါးနဲ့ ခရီးသည် နှစ်ယောက် တက်လာပါတယ်။
ခရီးသည် တဦးကတော့ “ဆေးလိပ်မသောက်ရ No Smoking Area” ဆိုတဲ့ ဆိုင်းဘုတ်အောက်က ထိုင်ခုံမှာ ဆေးပေါ့လိပ် ခဲရင်း ထိုင်လိုက်ပါတယ်။ နောက်တယောက်ကတော့ ပင်ပန်းလာဟန် တူတယ်၊ ထိုင်ခုံပေါ် လှဲချရင်းပြတင်းပေါက်ပေါ် ခြေတင် အိပ်ဖို့ ကြိုးစားနေပြီ။
ရထားက ခပ်မှန်မှန် ရီးလေးထိုး ဆက်လက်ထွက်ခွာရင်း နောက်ဘူတာ တခုကို ဆိုက်ပါပြီ။ ကန်သာယာထုံးဖို ဆိုတဲ့ ဘူတာလေး ပါ။ အဲဒီဘူတာမှာ ခရီးသည်တွေ ထပ်တက်လာပါတယ်။ သူတို့ကိုယ်စီမှာ ကျောပိုးအိတ်တွေလွယ်ပြီး ငါးမျှားတံတွေ ကိုင်ထားတာကို တွေ့ရတယ်။ ဓာတ်ဆီထည့်တဲ့ ဆီပုံးအငယ်စားရဲ့ အပေါ်ပိုင်းတဝက်ကို လှီးဖြတ်ပြီး ဘထ္ထရီအိုး တလုံးကို ထည့်ထားပါတယ်။ ပုံးရဲ့တခြားတဘက်မှာ မိုးကာစလို အသားမာပြီးတောင့်တဲ့ အစနှစ်ခုကိုေ ကျာပိုးအိတ် ပုံစံ လွယ်နိုင်အောင် အစ ၂ ဘက် ဖြတ်ပြီး မူလီတွေနဲ့ ပြန်တွဲထားပါတယ်။ လက်တဘက်မှာတော့ ဝါယာကြိုးတွေ ချည်ထားတဲ့ ငါးမျှားတံ နှစ်ချောင်းနဲ့ ဆိုတော့ ရှော့တိုက်ပြီး ငါးဖမ်းဖို့ ဖြစ်လောက်တယ် လို့ ထင်မိတယ်။
ရောက်လာခဲ့တဲ့ ဘူတာစဉ် တလျှောက် ရထားလမ်းဘေးမှာ ညိုညစ်ညစ်ရေတွေစီးနေတဲ့ မြောင်းငယ်တွေ၊ ရထား ခါးပန်းလောက် အမြင့်ရှိတဲ့ အမှိုက်ပုံတွေ၊ ဘောလုံးကွင်းရဲ့ လေးပုံတပုံစာလောက် ရှိတဲ့ အမှိုက်ပုံတွေနဲ့အတူ ၁၀ပေ ပတ်လည်သာသာ ဆောက်ထားတဲ့ တဲငယ်လေးတွေကို ခပ်စိတ်စိတ် တွေ့ရပါတယ်။
တချို့တဲလေးတွေမှာ လူတွေနဲ့အတူ ဝက်တွေ၊ ဆိတ်တွေ၊ နွားတွေကိုရော ရောပြွန်းနေထိုင် နေကြတယ်။ မနက် ခြောက်နာရီ ထိုးသွားပါပြီ။ နေကလည်း စူးစူးရှရှ ထွက်ပေါ်လာပါပြီ။ မန္တလေးမြို့ အရှေ့ခြမ်း ဖြစ်တဲ့ ယာဉ်ပျံဘူတာကို ရောက်ပါပြီ။ ပြတင်းပေါက်က လှမ်းကြည့်လိုက်တော့ ရှေ့ခရီးသည်တွဲက အဖြူအညို ယောဂီဝတ်စုံ ကိုယ်စီနဲ့
ချိနဲ့နဲ့ အဘွားအိုနှစ်ယောက် ရထားပေါ်က ဆင်းဖို့ လုပ်နေတယ်၊ တယောက်က ဘယ်ဘက်ခြေထောက်မှာ ပတ်တီးအထူကြီး စီးထားတာ တွေ့ရတယ်။ အဲဒီ ပတ်တီးစည်းထားတဲ့ ခြေထောက်က ခပ်သွက်သွက်နဲ့ မြေပေါ် အရင် ရောက်လာတယ်။ နောက်တယောက်ကတော့ ဆင်းဆင်းချင်း ရထားလမ်းဘေးမှာ ကျနေတဲ့ ရေသန့်ဘူးခွံကို ကောက်လိုက်တယ်၊ ပြီးတော့ ခပ်သုတ်သုတ်နဲ့ မြောက်ဘက်ကို ထွက်သွားကြတယ်။
ယာဉ်ပျံဘူတာဟာ လွန်ခဲ့တဲ့ နှစ်အစိတ်လောက်က ထန်းပင် အလွန်ပေါတဲ့ မြို့စွန်ရွာလေး တရွာပေါ့။ ယာဉ်ပျံထန်းတော လို့လည်း ကာလသားများအကြား နာမည်ကြီးခဲ့တယ်။ ဒီနေ့အချိန်မှာတော့ ရွာစရိုက်မျိုး မရှိတော့ဘဲ မန္တလေးခရိုင်ရဲ့ ရပ်ကွက်တခု အဖြစ် ပြောင်းလဲ တိုးတက်လာပါတယ်။
မြို့အရှေ့ဘက်ခြမ်းမှာတော့ ခပ်ဆင်ဆင်ဆောက်ထားတဲ့ နေချင့်စဖွယ် လုံးချင်းတိုက်တွေကို တွေ့ရပါတယ်။ ထူးခြားချက် ကတော့ တိုက်တွေရဲ့ သုံးပုံနှစ်ပုံလောက်က အဝင်ဝမှာ အနီရောင်စာတန်းလေးတွေ ကပ်ထားတာကို တွေ့ရတယ်။ ရထားလမ်းဘေး တချို့နေရာမှာ အိမ်မရှိဘဲ ခြံစည်းရိုးတွေ ခတ်ထားတဲ့ ခြံအကျယ်ကြီးတွေကလည်း မြက်ရိုင်းပင်တွေနဲ့ တောထလို့။
ရထားက ဘူတာစဉ်တိုင်း မရပ်ပေမယ့် လိုက်ချင်တဲ့ ခရီးသည်တွေ အတွက် ဥသြသံနဲ့ အချက်ပေးပါတယ်။ ရေနီမြောင်း ကိုလည်း ဖြတ်ပြီးရော … ဒေါနဘွား ဘူတာကိုလည်း ရောက်ပါတယ်။
မန္တလေးတောင်ကို လှမ်းမြင်နေရပါပြီ။ ဒေါနဘွားကနေ မန္တလေးတောင်ခြေ မြောက်ဘက်က အိုးဘိုအကျဉ်းထောင်ကို ပတ်ရင်း၊ တငြိမ့်ငြိမ့်နဲ့ လာလိုက်တာ … အိုးဘို ဘူတာအရောက်မှာတော့ အရင်ဘူတာစဉ်တွေက တက်လာတဲ့ ဘက်ထရီအိုးနဲ့ လွယ်အိတ် ကျောပိုးထားတဲ့ ငါးဖမ်းသမား အားလုံး ရထားပေါ်က ဆင်းသွားကြတယ်။ နာရီကို ကြည့်မိတော့ မနက် ခြောက်နာရီခွဲ ပြီ။ ရှေ့ဆို သူရဲဈေး ဘူတာရောက်ဖို့ သိပ်မလိုတော့။ မြို့ပတ်ရထား ခရီးစဉ်လည်း ပြီးဆုံးတော့မှာ ဖြစ်ပါတယ်။ သိပ်မကြာပါဘူး၊ သူရဲဈေး ဘူတာကို ရောက်လာခဲ့ပါတယ်။ ဘူတာမှာ ရထားရပ်ပြီး တအောင့်အကြာ … ရထားတွဲတတွဲလုံး ခရီးသည်တွေ၊ ကုန်တွေနဲ့ ပြည့်ကြပ်သွားပါတယ်။
တချို့က ရထားတွဲ ကြမ်းပြင်မှာ အထုပ်အပိုးတွေနဲ့ အတူ ထိုင်လို့ ပေါ့။ အနောက်ဘက် ကုန်တင်တွဲမှာလည်း ခရမ်းချဉ်သီး အိတ်တွေ၊ သရက်သီးတောင်းတွေ တင်သူတင်၊ ကြက်ဥကတ်တွေ၊ မီးသွေးတောင်းတွေ သယ်သူသယ်နှင့် ကိုယ်စီ ပျားပန်းခတ် နေကြတယ်။ သူရဲဈေးဘူတာကနေ မတ္တရာကို အသွားအပြန် လုပ်နေရသူတွေ အုတ်အော် သောင်းနင်း တက်လာ ကြတာ ဖြစ်ပါတယ်။
မန္တလေးကမ်းနား ညကုန်စိမ်းဈေးမှာ ဈေးရောင်း၊ မနက်ကျ သူရဲဈေး ဘူတာကနေ မတ္တရာကို ပြန်၊ ညနေ မတ္တရာကနေ မန္တလေးကို ဈေးရောင်းထွက်ဖို့ လာတဲ့ ဈေးသည် အများစုနဲ့ အခြေခံ လူတန်းစားတွေ အတွက် သွားလာရေး အဆင်ပြေတဲ့ ရထားစဉ် တခုမို့ စုပြုံတက်လာခြင်းပါ။
မန္တလေး ဘူတာကြီးကနေ သူရဲဈေးအထိ မြို့ပတ်ရထား ခရီးစဉ်က လက်မှတ်တစောင် ၁၅၀ ကျပ်ပါ။ မန္တလေးဘူတာကြီး ကနေ မတ္တရာအထိ လိုက်မယ် ဆိုရင်တော့ ၃၀၀ ကျပ်ကျပါတယ်။
၈၈ အရေးအခင်း မတိုင်မီထိ မြို့ပတ်ရထား ၂ စင်း မန္တလေးဘူတာကြီးကနေ နေ့တိုင်း ထွက်ခွာပြီး တစင်းက မြို့ အရှေ့ဘက်ခြမ်း၊ နောက်တစင်း ကတော့ အနောက်ဘက်ခြမ်းသို့ ပြေးဆွဲကြပြီး သူရဲဈေးဘူတာမှာ ဂိတ်ဆုံးကြပါတယ်။
အနောက်ဘက်ခြမ်း မြို့ပတ်ရထားမှာ မန္တလေးဘူတာကြီး တောင်ဘက်ကနေ တဆင့် အနောက်ဘက် မြစ်ဆိပ်ကို ဆီတင်တွဲ၊ သစ်တင်တွဲတွေ အဖြစ် တင်ဆောင်ပြီး ၂၆ ဘီလမ်း တည့်တည့်တက်ကာ ကျုံးမြောက်ဘက် ၁၁ လမ်းမှ သူရဲဈေးဘူတာသို့ ဆိုက်ရောက်ပါတယ်။ ဈေးချိုရှိရာ ၂၆ ဘီလမ်းမှာ နေ့စဉ်ပြေးဆွဲရလို့ ရထားနဲ့ မြင်းလှည်း တိုက်မှုတွေ မကြာခဏ ဖြစ်တာကြောင့် အနောက်ဘက်ခြမ်း ရထားတွဲ ပြေးဆွဲမှုဟာ သုံးနှစ်အကြာမှာ နိဋ္ဌိတံသွားပါတယ်။
ဒီနေ့ထိ မမောတမ်း ပြေးဆွဲနေတာကတော့ အရှေ့ဘက်ခြမ်း မြို့ပတ်ရထားပါ။
အရှေ့ဘက်ခြမ်း မြို့ပတ်ရထားလမ်းဟာ အရင်က ဒီလမ်းကြောင်းတွေ အတိုင်း ပြေးဆွဲခဲ့တာ မဟုတ်ပါဘူး။ မန္တလေး ဘူတာကြီးကနေ ၂၆ ဘီလမ်းအတိုင်း တောင်ဘက် ကျုံးကိုဖြတ်၊ နန်းတွင်းထဲဝင်၊ မြောက်ကျုံးမှ သူရဲဈေးကို ဆိုက်ရောက် ပါတယ်။ အဲဒီ ရထားလမ်းကိုတော့ အရေးအခင်းပြီး နန်းတွင်း လုံခြုံရေးကြောင့် ပိတ်လိုက်ပြီး မန္တလေးမြို့ အရှေ့ဘက်ဆုံး ကနေ လမ်းသစ်ပြန် ဖောက်လုပ် ပြေးဆွဲခဲ့တာ ဖြစ်ပါတယ်။
“မြို့ပတ်ရထား အပြန်ဆို နောက်ကျတဲ့အခါမျိုးဆို ဗရုတ်သုတ်ခ အရမ်းများတယ်၊ ရှေးရှေးတုန်းကဆို အဲဒီရထားက နာမည်ကြီး ပဲ။ အမြဲစီးနေကျ သူတောင် ရထားနောက်ကျရင် မစီးတော့ဘူး” လို့ မန္တလေးမြို့က ရှေ့မီနောက်မီ လူကြီးတဦးက ဆိုပါတယ်။
တကယ်တော့ မန္တလေးမြို့ပတ်ရထားလေးဟာ မတ္တရာကို ပြေးဆွဲဖို့ အတွက် သူရဲဈေးဘူတာကို တွဲထိုးရုံ သက်သက် ပါပဲ။ သူရဲဈေးဘူတာကို တွဲထိုးဖို့ အတွက် မြို့ပတ်ရထားဝတ်ရုံကို ခဏတာခြုံတဲ့ ရထားလေးက လိုက်ပါမယ့် ခရီးသည် ရှိရှိ မရှိရှိ နံနက်ငါးနာရီ ဒေါင်ကနဲထိုးတာနဲ့ ထွက်ခွာဖို့ အဆင်သင့် ရှိနေဦးမှာကတော့ အမှန်ပါပဲ …။ ။

No comments:
Post a Comment