Thursday, July 2, 2015

အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များကို မဲပေးရေး ရခိုင်တွင် ကမ်ပိန်းပြုလုပ်

စံမောင်သန်း

အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်များကို အမျိုးသမီးများအနေဖြင့် အဓိက မဲပေးရန် စည်းရုံ လုံဆော်သည့် ကမ်ပိန် တစ်ခုကို ရခိုင်အမျိုးသမီးကွန်ရက်မှ စစ်တွေတွင် ပြုလုပ်ခဲ့သည်။

ယင်းကမ်ပိန်းကို “ အမျိုးသမီးများ အခွင့်အရေးပိုမိုရရှိနိုင်ရန် အချိန်တန်ပြီမို့ အမျိုးသမီးကိုယ်စားလှယ်များကို မဲပေးစို့” ဆိုသော ဆောင်ပုဒ်ဖြင့် စစ်တွေမြို့ အလိုတော်ပြည့်ကျောင်း၌ ဇွန်လ ၂၈ ရက်နေ့က ပြုလုပ်ခဲ့သည်။ ယင်းအခမ်းအနားသို့ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်မှ အမျိုးသမီးရေးရာ လှုပ်ရှားသူများ တက်ရောက် ခဲ့ကြသည်။

“ကမ်ပိန်းရဲ့ ရည်ရွယ်ချက်ကတော့ လာမယ့်အနာဂတ်မှာ အမျိုးသမီးတွေ နိုင်ငံရေး၊ လူမှုရေး၊ ကဏ္ဍပေါင်းစုံမှာ ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့အတွက်နဲ့ လွှတ်တော်ထဲမှာ ပါဝင်နိုင်စေရန် ရည်ရွယ်ချက်နဲ့ ဒီကမ်ပိန်းကို လုပ်ဆောင်ရခြင်း ဖြစ်ပါတယ်”ဟု ရခိုင်အမျိုးသမီးကွန်ရက်မှ အထွေထွေအတွင်းရေးမှူး ဒေါ်ဝေေ၀ထွန်းက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

အဆိုပါကမ်ပိန်း၌ အစိုးရအဖွဲ့မှ အကြီးအကဲများကို ဖိတ်ထားသော်လည်း ပူးပေါင်းပါဝင်မှု အားနည်းကြောင်း၊ အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များကို အပြန်အလှန် လေးစားမှုအနေဖြင့် ဖိတ်ကြားခဲ့သော်လည်း တက်ရောက်မှုမရှိဟု သိရသည်။

လူထုပါဝင် ပူးပေါင်းမှု အပိုင်း၌ လူ ၂၀၀ ဖိတ်ကြားရာ၌ အလွှာပေါင်းစုံမှ လူ ၁၉၀ ကျော်တက်ရောက်ခဲ့ကြသဖြင့် အကျိုးရှိသည်ဟု ထင်မြင်ကြောင်း၊ ဆွေးနွေးတင်ပြမှုအပိုင်း၌လည်း ပွင့်ပွင့်လင်းလင်း တင်ပြခဲ့၍ မိမိတို့ မျှော်လင့်ခဲ့သော အသီးအပွင့်ကို ရသင့်သလောက် ရခဲ့သည်ဟု ထင်မြင်မိကြောင်း ဒေါ်ဝေေ၀ထွန်းက ပြောသည်။

ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန်က “အမျိုးသမီးတွေ အနေနဲ့ အခွင့်အရေးတွေပဲ တောင်းဆိုနေကြတဲ့ အမျိုးအစားထဲမှာ ပါမှာလား၊ ကိုယ့်ကိုကိုယ် အရည်အချင်းပြည်မီသူတစ်ယောက်ဖြစ်အောင် ကြိုးစား တည်ဆောက်ကြတဲ့ အမျိုးအစားထဲမှာ ပါမှာလားဆိုတာကို ကိုယ်ဟာကိုယ် ဆုံးဖြတ်ကြပါ”ဟု အဆိုပါ အခမ်းအနားတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာ ကိုးကွယ်သည့် နိုင်ငံတစ်ခုဖြစ်ပြီး အမျိုးသမီးနှင့် အမျိုးသားခွဲခြားဆက်ဆံမှု နည်းပါးသည်ဟု ဒေါ်အေးနုစိန်က ပြောသည်။

ရုံးဝန်ထမ်းလုပ်ငန်းများတွင် အမျိုးသမီးဦးရေသည် အမျိုးသားဦးရေထက် များပြားနေပြီး မကြာမီကာလတစ်ခု၌ လွှတ်တော်ထဲတွင် အမျိုးသမီးရာနှုန်းများလာနိုင်ပြီး မိခင်အုပ်ထိန်းသော ခေတ်ကို ပြန်ရောက်လာနိုင်သည်ဟု ရှေ့နေတစ်ဦးက မြန်မာနိုင်ငံအမျိုးသမီးများ၏ အနာဂတ်အခြေအနေနှင့် ပတ်သက်၍ ပြောကြားခဲ့သည်။

အဆိုပါကမ်ပိန်းကို နံနက် ၉ နာရီတွင် စတင်ပြီး မွန်းတည့် ၁၂ နာရီတွင် ပြီးဆုံးခဲ့သည်။

အခမ်းအနားသို့ ရွေးကောက်ပွဲကော်မရှင်မှ အရာရှိတစ်ဦးအပါအ၀င်၊ အမျိုးသားအချို့လည်း တက်ရောက်ခဲ့ကြသည်။

No comments: