မာန်ယုကျော် (ရွှေဝမြေ)
ရခိုင်ပြည်နယ်အဆင့် Miss Universe ရွေးချယ်ပွဲပြုလုပ်ရန် စစ်တွေတက္ကသိုလ်ဘွဲ့နှင်းသဘင်ဆောင်ခန်းမအား သုံးစွဲရန်စီစဉ်မှုအပေါ် ယင်းတက္ကသိုလ်နေကျောင်းသား၊ ကျောင်းသူအများစုက သဘောမတူ၍ ပြည်နယ်ဝန်ကြီးချုပ်ထံ ကန့်ကွက်စာတင်ရန်စီစဉ်နေကြောင်း ကျောင်းသားများထံမှ သိရသည်။
အဆိုပါခန်းမဆောင်မှာ တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားများ အသုံးပြုရန်ရည်ရွယ်ဆောက်လုပ်ထားခြင်းဖြစ်ပြီး ရိုးရာယဉ်ကျေးမှုနှင့် မကိုက်ညီသည့် အလှမယ်ရွေးချယ်ပြုလုပ်ရန်အသုံးပြုမှုမှာ မသင့်လျော်သည့် အတွက် ယခုကဲ့သို့ကန့်ကွက်စာပေးပို့ရန်စီစဉ်ရခြင်းဖြစ်ကြောင်း စစ်တွေတက္ကသိုလ် သတ္တဗေဒမေဂျာမှ နောက်ဆုံးနှစ်ကျောင်းသား ကိုစောနိုင်လင်းက ပြောသည်။
“ဒီခန်းမဆောင်က ကျောင်းသားတွေအတွက် လုပ်ထားတာပါ။ တခြားသူတွေနဲ့ ဘာမှမဆိုင်ပါဘူး။ အခု ဒီခန်းမကို အသုံးပြုဖို့ ပြည်နယ်ဝန်ကြီးချုပ်က ဖိအားပေးခိုင်းတာလို့ သိရပါတယ်။ ဒါဟာမဖြစ်သင့်လို့ ကျနော်တို့ ဒီရက်ပိုင်းအတွင်း ဝန်ကြီးချုပ်ဆီ စာတင်သွားမှာပါ”ဟု ယင်းက ဆိုသည်။
ကျောင်းသားများကန့်ကွက်မှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်အနေဖြင့် လစ်လျောမှုမရှိဘဲ ရှေ့ဆက်တိုးပါက ပြိုင်ပွဲပြုလုပ်သည့်နေ့တွင် တက္ကသိုလ်ရှေ့၌ ခန်းမဆောင်အသုံးပြုမှုအားကန့်ကွက်သည့်အနေဖြင့် ထိုင်သပိတ်ပြုလုပ်ကာ ဆန္ဒထုတ်ဖော်ရန်စီစဉ်ထားကြောင်းလည်း ကန့်ကွက်နေသည့်ကျောင်းသားများက ဆိုသည်။
ယင်းနှင့်ပတ်သက်ပြီး စစ်တွေတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာတင်မောင်ထွန်းအား နိရဉ္စရာက ဆက်သွယ် မေးမြန်းရာ ယခုလို ပြောဆိုသည်။
“အစတော့ သဘောမတူဘူးဆိုပြီးပြောပါတယ်။ အခုတော့ အဲဒီအဆောင်ကို သုံးခွင့်ပေးဖို့ အတွက် ကျနော်တို့ ကျောင်းသားတွေကို ခေါ်ယူညှိနှိုင်းဆွေးနွေးလို့ အားလုံး အဆင်ပြေသွားပါပြီ” ဟု တုန့်ပြန်ပြောသည်။
အဆိုပါ Miss Universe ရွေးချယ်ပွဲကို ဇွန်လ ၃ဝ ရက်နေ့ နေ့လယ် ၁ နာရီမှစတင်ကာ ညနေ ၅ နာရီအထိ စစ်တွေတက္ကသိုလ်ဘွဲ့နှင်းသဘင်ဆောင်ခန်းမတွင် ကျင်းပပြုလုပ်ရန်စီစဉ်ထားကြောင်း သိရသည်။
No comments:
Post a Comment