DVB
ဘင်္ဂါလီဒုက္ခသည်တွေအတွက် ထောက်ပံ့ပေးထားတဲ့ပစ္စည်းတွေ လိုအပ်တဲ့ အတိုင်းအတာထက် ပိုမိုများပြားနေတာကြောင့် လမ်းဘေးဈေးဆိုင်တွေဖွင့်ပြီး ပြန်လည်ရောင်းချနေကြတယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ရှိ ဘင်္ဂါလီဒုက္ခသည်စခန်းတွေမှာ စားဝတ်နေရေး၊ ကျန်းမာရေး၊ လူမှုရေး အခက်အခဲတွေ ရှိနေတယ်လို့ အစ္စလာမ္မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ) အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းတချို့နဲ့ နိုင်ငံတကာ မီဒီယာတွေက စွပ်စွဲ ပြောဆိုနေပေမယ့် ထောက်ပံ့ပေးထားတဲ့ ပစ္စည်းတွေက ပိုလျှံနေတာကြောင့် အခုလို ရောင်းချနေကြတာလို့ ဆိုပါတယ်။
နိုင်ငံတကာ အဖွဲ့အစည်းများ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများ၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့တွေ လစဉ်ထောက်ပံ့ပေးတဲ့ ဆန်၊ ဆီ၊ ပဲနဲ့ မီးဖိုချောင်သုံးပစ္စည်းတွေ၊ အ၀တ် အထည်တွေ၊ အမျိုးသမီး အသုံးအဆောင်ပစ္စည်းတွေ၊ ကလေး အသုံးအဆောင် ပစ္စည်းတွေ၊ မိုးကာစတွေဟာ ဒုက္ခသည်တွေ သုံးစွဲနိုင်တာထက် ပိုလျှံနေကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။
ပိုလျှံပစ္စည်းတွေကို စစ်တွေမြို့နယ် ဘုမေကျေးရွာအုပ်စု၊ ဒါးပိုင် (ဘင်္ဂါလီ) ကျေးရွာအနီး ကားလမ်းဘေးမှာ ဈေးဆိုင်ခန်းတွေ ဖွင့်လှစ်ရောင်းချနေပြီး အဲဒီဆိုင်တွေဟာ ၂၀၁၂ ခုနှစ် နောက်ပိုင်းမှ ပေါ်ပေါက်လာခဲ့တာလို့ ဆိုပါတယ်။

No comments:
Post a Comment