မဇ္ဈိမ
ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)တို့ ဇူလိုင်လ ၁၉ ရက်က ၁၀ နာရီခွဲမှ ၁၁ နာရီကျော်ထိ အလွတ်သဘော တခါးပိတ် တွေ့ဆုံဆွေးနွေးခဲ့သည်။ -
UPWC ဒု ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်းနှင့် KIO ၏ ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ် အင်ဘန်လတို့ Sheik Istana ဟိုတယ်တွင် တစ်နာရီခန့်ကြာ တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
“ကေအိုင်အိုကတော့ ငြိမ်းချမ်းရေးကိုလိုလားတယ်။ လက်မှတ်ထိုးဖို့ ဆုံးဖြတ်ထားပြီးသားဖြစ်တယ်။ သို့သော်လည်းပဲ အာမခံချက် ဘယ်လောက်ရှိလဲဆိုတာ သိချင်တာပေါ့။ ဒါကို အာမခံချက်ရှိမှ လုပ်ချင်တယ်။ ဒါပေမဲ့ ထိုးဖို့က ဗဟိုကော်မတီက ဆုံးဖြတ်ထားပြီးသား ဖြစ်တယ်ပေါ့”ဟု ဝန်ကြီး ဦးအောင်မင်းက မဇ္ဈိမကို ပြောသည်။
အစိုးရ နှင့် KIOတို့ တွေ့ဆုံဆွေးနွေးခဲ့သည့် အခြေအနေကို မေးမြန်းခဲ့သော်လည်း ဖြေကြားရန် ငြင်းဆန်ခဲ့သည်။
ဝန်ကြီး ဦးအောင်မင်းသည် KIO အဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးပြီးနောက် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (SD) နှင့်လည်း နံနက် ၁၁ နာရီမှ ၁၂ နာရီကျော်ထိ တစ်နာရီကြာ တွေ့ဆုံ ဆွေးနွေးခဲ့သည်။
အစည်းအဝေးတွင် လာမည့် ဇူလိုင်လ ၂၂ ရက်နေ့ ရန်ကုန်ဆွေးနွေးပွဲအတွက် အကြိုညှိနှိုင်းဆွေးနွေးခဲ့သည်။ ရန်ကုန်မြို့တွင် ကျင်းပမည့် အစည်းအဝေးသို့ အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်ဘက်မှ ကိုယ်စားလှယ်များ တက်ရောက်မည်ဟု တင်ပြခဲ့သည်ဟု ဝန်ကြီး ဦးအောင်မင်းက မဇ္ဈိမကို ပြောသည်။
“အစည်းအဝေး ၂၂ ရက်နေ့မှာလုပ်မယ်။ အဲဒီမှာ သူတို့လာမယ့်လမ်းကြောင်း၊ ဘယ်သူတွေ တက်မလဲ။ ကျွန်တော်တို့ဘက်က ဘယ်သူတွေ တက်မလဲ အဲဒါကို ဆွေးနွေးတာ။ ကျနော်တို့ဘက်ကလည်း အစိုးရရယ်၊ လွှတ်တော်ရယ်၊ တပ်မတော်ရယ် မူလည်း မပြောင်းဘူး။ အရင်အတိုင်းပဲ။ ဒီဘက်ကတော့ အက်စ်ဒီဆိုပြီးတော့ လူသစ်တိုးတယ်”ဟု သူက ပြောသည်။
အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များဖြစ်သော ပဒိုနော်စီဖိုးရာစိန်၊ ဒေါက်တာလဂျာ၊ ပူးဇင်ကျုံး၊ နိုင်ဟံသာ အပါအဝင် ကိုယ်စားလှယ် ၁၅ ဦးတက်ရောက်မည် ဖြစ်ကြောင်း သူက ပြောသည်။
ဇူလိုင် ၁၉ရက် တွေ့ဆုံဆွေးနွေးပွဲတွင် ဇူလိုင် ၂၂ရက်၌ ရန်ကုန်မြို့၌ ကျင်းပမည့် အစည်းအဝေးပွဲ တက်ရောက်မည့် ခရီးစဉ်ကိစ္စအပြင် ထိုနေ့၌ တိုင်းရင်းသား ခေါင်းဆောင်များ ပြင်ဆင်ဖြည့်စွက်ထားသော တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း (NCA) ပါ အားလုံးပါဝင်ရေးနှင့် အသိသက်သေများ ပါဝင် လက်မှတ်ရေးထိုးရေးတို့ကို ဆွေးနွေးသွားမည်ဟု SD ခေါင်းဆောင် ပဒိုနော်စီဖိုးရာစိန်က ပြောသည်။
“ဆွေးနွေးပွဲမှာက အန်စီအေမှာ ပါတဲ့ အချက်တွေပဲ ဆွေးနွေးမယ်။ ဘယ်သူတွေပါဝင်မယ်။ အားလုံးပါဝင်ဖို့ဆိုတဲ့ အချက်တွေပါတယ်။ သက်သေတွေ ပါမယ်ဆိုတာတွေပါပဲ၊ ဆွေးနွေးနိုင်မယ်။ မဆွေးနွေးနိုင်ဘူးဆိုတာက နှစ်ဖက်ဆွေးနွေးဖို့အပေါ်မှာပဲ မူတည်တယ်”ဟု ပဒိုနော်စီဖိုးရာစိန်က မဇ္ဈိမကို ပြောသည်။
အဆင့်မြင့် ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ပဒိုနော်စီဖိုးရာစိန်၊ ဒေါက်တာလဂျာ၊ နိုင်ဟံသာနှင့် ဦးထွန်းဇော်တို့ လေးဦး တက်ရောက်ဆွေးနွေးခဲ့ပြီး UPWC ဘက်မှ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်၍ MPC မှ ဦးလှမောင်ရွှေ၊ ဒေါက်တာတင်မောင်သန်း၊ ဒေါက်တာမင်းဇော်ဦး၊ ဒေါက်တာကျော်ရင်လှိုင်၊ ဦးညိုအုန်းမြင့်နှင့် ဦးကျော်စိုးတို့ ခုနှစ်ဦး တက်ရောက်ဆွေးနွေးခဲ့သည်။
No comments:
Post a Comment