စံမောင်သန်း
ကချင်ပြည်နယ်မှ မိမိနေရပ်ရင်း ရခိုင်ပြည်နယ် သို့ ပြန်လာသူ ရခိုင်အမျိုးသား အမျိုးသမီး ၅၀၉ ဦးသည် ဇူလှိုင်လ ၁ ရက်နေ့က မင်းပြားမြို့သို့ ကောင်းမွန်စွာ ရောက်ရှိလာသည်ဟု သိရသည်။
ပြန်လာသူများ အထဲတွင် မွေးကင်းစ ကလေးသူငယ်များ အပါအ၀င် အရွယ်မျိုးစုံ ပါဝင်ပြီး သူတို့မှာ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ကျောက်ဖြူ၊ ကျောက်တော် စသည့် မြို့နယ်များမှဖြစ်ကြသည်ဟု သိရသည်။
အဆိုပါ လူပေါင်း ၅၀၉ ဦးသည် ခရီးသည်တင်အဆင့်မြင့်ကားများဖြင့် ဇူလိုင်လ တစ်ရက်နေ့ ည ၉ နာရီအချိန်တွင် မင်းပြားသို့ ရောက်ရှိလာပြီး သူတို့အား မြို့မတောင်ကျောင်း၊ မြို့မမြောက်ကျောင်းနှင့် မြို့မဓမ္မာရုံများတွင် နေရာချထားပေးထားသည်ဟု သိရသည်။
စားရေးသောက်ရေးကို အစိုးရမှ လက်ရှိ တာဝန်ယူ ဖြေရှင်းပေးထားပြီး ကျန်းမာရေးစောင့်ရှောက်မှုအတွက် သူနာပြု ဆရာမများကိုလည်း စီစဉ်ပေးထားသည်ဟု မင်းပြားမြို့မှ ဦးသိန်းစံပြောသည်။
“ကချင်ကရောက်ရှိလာသူတွေ ကျန်းမာရေးကောင်းပါတယ်။ ရောက်ရှိလာသူတွေထဲမှာ အလုပ်အဆင်မပြေလို့ ကိုယ့်ဆန္ဒအရ ပြန်လာတဲ့သူတွေ ရှိသလို နေရာထိုင်ခင်း ရမယ်။ သုံးလစာအတွက် ပြည်နယ်အစိုးရကူညီပေးမယ်၊ ပုဏ္ဏားကျွန်းစက်မှုဇုံမှာ အလုပ်ရမယ်ကြားလို့ ပြန်လာတဲ့သူတွေလည်း ရှိတယ်လို့ သိရပါတယ်”ဟု ဦးသိန်းစံက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။
အဆိုပါရခိုင်သားများပြန်လာနိုင်ရေးအတွက် ကချင်ပြည်နယ် မြစ်ကြီးနားအခြေစိုက် ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့နှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့ ညှိနှိုင်းလုပ်ဆောင်နေခြင်းဖြစ်ပြီး၊ နယ်ရပ်ပြန်လာသူများကို ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ စာရင်းစစ်ဦးစောရွှေနှင့် ဦးကျော်ခိုင်တို့ ဦးဆောင်ခေါ်ယူလာသည်ဟု သိရသည်။
ယင်းပြန်လာသူများကို အစိုးရအာဏာပိုင်များက နေထိုင်ရေးနှင့် စားရေးတို့ကို တာဝန်ယူဆောင်ရွက်ပေးထားပြီး၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ၀န်ကြီးတစ်ဦး ယနေ့ မင်းပြားသို့ ရောက်ရှိလာမည်ဖြစ်ပြီး၊ သူရောက်ပြီးမှ ရှေ့ဆက်မည်သို့ ဆောင်ရွက်ပေးမည်ကို သိရမည်ဟု ကချင်ဘက်မှ ပြန်လာသူ ရခိုင်သားများကပြောကြောင်း ဦးသိန်းစံကပြောသည်။
“ယခုလိုမျိုး ကချင်ကနေ ပြန်လာတာ ၅ ကြိမ်ရှိပါပြီ။ အယင်တုန်းက လူမှုအဖွဲ့အစည်းတွေက သူတို့ရဲ့ စားရေး၊ နေရေးတွေကို ၀ိုင်းဝန်းကူညီပေးခဲ့ရပါတယ်။ အခုက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ကိုယ်တိုင်က ကူညီပေးနေတာကို တွေ့ရှိရတော့ သူတို့အတွက် ၀မ်းသာမိပါတယ်”ဟု ဦးသိန်းစံကပြောသည်။
“အယင် ၅ နှစ်လောက်ကဆိုရင် မင်းပြားမြို့နယ်တစ်ခုတည်းကတောင် ကချင်ကိုသွားကြတာ တစ်နေ့တစ်နေ့ကို လူ ၃၀၀ ကနေ ၅၀၀ ထိရှိခဲ့ပါတယ်။ ရခိုင်ပြည်နယ်မှာ အလုပ်အကိုင်ရှားပါးလို့ သွားကြတာပါ။ အခုသူတို့ ပြန်လာတာလည်း သူဌေးဖြစ်လို့ ပြန်လာတာမဟုတ်ဘူး။ စားဝတ်နေရေး အခက်အခဲတွေကြောင့် ပြန်လာကြတာပါ။ ကချင်မှာလည်း သူတို့ရဲ့တစ်နေ့စာလုပ်အားခဟာ ၅၀၀၀ ကျပ်ပဲရတယ်လို့ သိရပါတယ်။ သူတို့ ကိုယ့်နေရပ်ရင်းပြန်လာပြီး လုပ်ကိုင်စားသောက်ကြမယ်ဆိုရင် မချမ်းသာနိုင်ပေမယ့် ဘ၀အတွက် အခက်အခဲ မရှိနိုင်ပါဘူး”ဟု ဦးသိန်းစံက ဆက်ပြောသည်။
ရခိုင်ပြည်နယ်တွင် အလုပ်အကိုင်းရှားပါး၍ ယခုထက်ထိ ရခိုင်ပြည်နယ်မှ ရခိုင်သားများ ရခိုင်ပြည်နယ်ပြင်ပသို့ ထွက်ခွာနေမှုများရှိနေပြီး၊ မိုးရာသီလယ်ထွန်ချိန်တွင် လုပ်သားရှားပါးမှုရှိနေသဖြင့် လယ်ထွန်စက်များကို ငှားရမ်းထွန်နေရသည်ဟု သိရသည်။
သို့သော် ယခင်ကာလနှင့်နှိုင်းစာလျှင် ရခိုင်ပြည်နယ်ပြင်ပသို့ ထွက်ခွာမှု နည်းလာကြောင်း၊ ထိုသို့ဖြစ်ရခြင်းမှာ ပွဲစားထံတွင် အလိမ်ခံရမှု၊ အရောင်းစားခံရမှုတို့ ဖြစ်ပေါ်နေ၍ဖြစ်နိုင်သည်ဟု ဦးသိန်းစံကပြောသည်။
ကချင်မှ ပြန်လာသူများကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပြန်လည်နေရာချထားပေးပြီး၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိမည်ဟု သိရ၍သူ့အနေဖြင့် ရခိုင်ပြည်နယ်အစိုးရကို ကျေးဇူးတင်ပြီး၊ ၀မ်းမြောက်ဝမ်းသာဖြစ်မိပါကြောင်း၊ တရပ်တကျေးသို့ အကြောင်းအမျိုးမျိုးကြောင့် ထွက်ခွာသွားသော ရခိုင်အမျိုးသားများထဲမှ ယခုလို လူပေါင်း ၅၀၀ ကျော် မိမိနေရပ်ရင်းသို့ ပြန်လာကြသည့် အပေါ် မင်းပြားမြို့သူ မြို့သားများက နွေးထွေးစွာကြိုဆိုကြပါကြောင်း၊ သူတို့ ပြန်လာကြခြင်းသည် အကြောင်းအမျိုးမျိုးကြောင့် ခွဲခွာနေကြရသော ရခိုင်တစ်မျိုးသားလုံး မိမိမြေပေါ်တွင် ပြန်လည်၍ ဆုံတွေ့ကြရမည့် အတိတ်နမိတ်ဟု မြင်မိပါကြောင်း၊ မိမိပြည်ကို မိမိတို့ ကာကွယ်ရန် လိုအပ်နေသဖြင့် ရခိုင်အမျိုးသားများအားလုံး ရခိုင်ပြည်ကို ပြန်လာကြရန် လိုအပ်ပါကြောင်း၊ ယခု ပြန်လာကြသူများအား အေးချမ်းစွာ သက်မွေးဝမ်းကျောင်း ပြုနိုင်ရေး အတွက် တမ္ဘာလုံးရှိ ရခိုင်အမျိုးသားများက ၀ိုင်းဝန်းကူညီကြရန် လိုကြောင်းဖြင့်လည်း ဦးသိန်းစံက ပြောဆိုသည်။

No comments:
Post a Comment