Friday, July 3, 2015

ကားခတိုးမြှင့်မည်ဟု ကျောင်းကြော်ငြာဘိုးတွင် ရေးသား၍ နည်းပညာတက္ကသိုလ်ကျောင်းသားများစိတ်ပျက်

စံမောင်သန်း

နည်းပညာတက္ကသိုလ်သို့ ပြေးဆွဲနေသာ ကားခကို မနက်ဖန် ဇွန်လ ၃၀ ရက်နေ့မှ စတင်၍ ၃၀၀ ကျပ်မှ ၄၀၀ ကျပ်ထိ ကောက်ခံသွားမည်ဟု ကားသမားများက ကျောင်းကြော်ငြာဘိုးတွင် ရေးထားကြောင်း နည်းပညာတက္ကသိုလ်မှ ကိုကျော်နိုင်ဌေးက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

“နည်းပညာတက္ကသိုလ်သို့ ကားခကို ဇွန်လ ၃၀ ရက်နေ့ကနေ စတင်ပြီး ၃၀၀ ကျပ်ကနေ ၄၀၀ ကျပ်ထိ ကောက်ခံသွားမယ်လို့ ကားသမားတွေက ဘယ်သူနဲ့မှညှိနှိုင်းမှုမရှိ ကျောင်းကြော်ငြာဘိုးမှာ ရေးထားပါတယ်။ အဲ့ဒီလို ဈေးမြှင့်လိုက်ရင် ကျောင်းသားတွေနဲ့ ဆရာဆရာမတွေက ကားခတတ်နိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ တက္ကသိုလ်မှာ မရှိဆင်းရဲတဲ့ နယ်ကကျောင်းသားတွေလည်းပါတယ်။ အဲဒီလို ဈေးနှုန်းမြှင့်လိုက်ရင် ကားခမတတ်နိုင်တဲ့ ကျောင်းသားတစ်ချို့ ကျောင်းမတက်တော့ဘူးလို့ ပြောနေကြပါတယ်”ဟု ကိုကျော်နိုင်ဌေးကပြောသည်။

စစ်တွေတက္ကသိုလ်သို့ ပြေးဆွဲနေသော ကားခကို မကြာသေးမီက ၂၀၀ ကျပ်ကနေ ၃၀၀ ကျပ်ထိ မြှင့်လိုက်ပြီးနောက်ပိုင်း နည်းပညာတက္ကသိုလ်သို့ ကားခကိုလည်း ၃၀၀ ကျပ်ကနေ ၄၀၀ ကျပ်ထိ ကောက်ခံသွားမည်ဟု ကားသမားများက တဘက်သတ် ဈေးနှုန်းသတ်မှတ် လာကြခြင်းဖြစ်သည်။

ဇွန်လ ၂၅ ရက်နေ့က ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် တက္ကသိုလ်နောက်ဆုံးနှစ် ကျောင်းသားများတွေ့ဆုံစဉ် ကားခ ဈေးနှုန်းတိုးမြှင့်ကောက်ခံနေမှုကို ကျောင်းသားများကတင်ပြရာ ၀န်ကြီးချုပ်က တစ်ပတ်အတွင်း ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဟု ကျောင်းသားများအား ပြောဆိုခဲ့သည်။

ဝန်ကြီးချုပ်နှင့်တွေ့ဆုံပြီး ၄ ရက်မြောက်နေ့တွင် အထက်ပါအတိုင်း နည်းပညာတက္ကသိုလ် ကျောင်းကြော်ငြာတွင် ကားသမားများက ဇွန်လ ၃၀ ရက်နေ့မှစတင်၍ ကားခကို ကျပ် ၃၀၀ ရာမှ ၄၀၀ တိုးမြှင့် ကောက်ခံသွားမည်ဟု အသိပေးထားခြင်းဖြစ်သည်။

ကားသမားများ၏ အကြောင်းပြချက်မှာ ဆီဈေးတက်၍ဟု အကြောင်းပြကြောင်း သိရသည်။

သို့သော်ဆီဈေးမှာ ဓါတ်ဆီတစ်လီတာကို ယခင် ၁၂၀၀ ရှိခဲ့ရာမှ ၁၀၀၀ ကျပ်ထိ ဈေးပေါက်နေပြီး လွန်ခဲ့သော ၃-၄ လ က စပြီး ဈေးကျလာခဲ့သည်ဟု ကျောင်းသားများက ပြောသည်။

ကားခဈေးနှုန်း တိုးမြှင့်ကောက်ခံမည့် ကိစ္စနှင့်ပတ်သက်၍ ဇွန်လ ၃၀ ရက် ယနေ့တွင် နည်းပညာတက္ကသိုလ်မှ ကျောင်းသားများ အစည်းအဝေးတစ်ခုပြုလုပ်သွားမည်ဟု ကိုကျော်နိုင်ဌေးကပြောသည်။

No comments: