Saturday, July 4, 2015

အစိုးရနှင့် တိုက်ပွဲအတွင်း ဒီကေဘီအေ ၁ ဦး ဖမ်းဆီးခံရ၊ ၂ ဦး ပျောက်ဆုံး

နော်နိုရင်း

ကရင်ပြည်နယ် ကော့ကရိတ်မြို့အနီး အာရှလမ်းမသစ်မှာ ဇူလိုင် ၃ ရက်နေ့မနက် အစောပိုင်းက အစိုးရတပ်နဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (ဒီကေဘီအေ) တို့အကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။

မနေ့က တိုက်ပွဲဖြစ်တဲ့ တတံကူးနားမှာ ပစ်ခတ်မှုတွေ ထပ်မံဖြစ်ပွားခဲ့တာဖြစ်ပြီး ဒီကေဘီအေတပ်သား ၁ တဦးကို အစိုးတပ်က ဖမ်းဆီးသွားကာ ၂ ဦး ပျောက်ဆုံးနေတယ်လို့ ဒီကေဘီအေတပ်ဖွဲ့က ဗိုလ်မှူးဆန်းအောင်က ပြောပါတယ်။

“ကျနော်တို့ဘက်မှာ မနက် ၅ နာရီလောက်မှာ စပြီး ပစ်ခတ်မှုဖြစ်တယ်။ ကျနော်တို့လူတွေ ညက ဆက်သွယ်မှုမရဘဲ ကျန်ခဲ့တဲ့လူတွေနဲ့ ထပ်ပြီး ထိတွေ့မှုဖြစ်တယ်။ ဆိုတော့ တယောက်ကတော့ လက်ရဖမ်းမိထားတယ်လို့ ကြားသိရတယ်။ ၂ ယောက်ကတော့ ကျနော်တို့ မသိရသေးဘူးဗျာ။”

ဒါ့အပြင် မြ၀တီမြို့က အထွက် အာရှလမ်းထိပ်ဘက်မှာလည်း အစိုးရတပ်ဘက်က မနက် ၅ နာရီခွဲကနေ ၁၁ နာရီလောက်ထိ လက်နက်ကြီးတွေနဲ့ လှမ်းပြီး ပစ်ခတ်မှုတွေရှိနေ တယ်လို့လည်း ပြောပါတယ်။

တိုက်ပွဲတွေကြောင့် မြ၀တီ-ကော့ကရိတ် အာရှလမ်းမသစ်မှာ အသွားအလာ ရပ်ဆိုင်းနေပြီး နေ့စဉ်အသုံးပြုသွားလာနေတဲ့ ခရီးသွားနဲ့ အရေးပေါ်လူတွေ အခက်တွေ့နေရပါတယ်။

မြ၀တီ-ကော့ကရိတ် တောင်ပတ်လမ်းဟောင်းမှာ သွားလာမှုရှိနေပေမယ့် အစိုးတပ်ဘက်က လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားတယ်လို့လည်း မြ၀တီမြို့ခံတွေက ပြောပါတယ်။

အစိုးရတပ်နဲ့ ဒီကေဘီအေတပ်တွေအကြား ကော့ကရိတ်မြို့အနီး တောင်ပတ်လမ်းသစ်မှာ ဇူလိုင် ၂ ရက်နေ့ မနက်အစောပိုင်းက စတင်ပြီး တိုက်ပွဲတွေ ပြန်ဖြစ်ပွားနေတာပါ။

အာရှလမ်းမသစ်မှာ ချထားတဲ့ ဒီကေဘီအေဂိတ်တွေကို ပြီးခဲ့တဲ့တပတ်လောက်က ဖယ်ရှားပေးဖို့ ပြောဆိုရာကနေ အဆင်မပြေတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တာလို့လည်း ဗိုလ်မှူးဆန်းအောင်က ပြောပါတယ်။

“လက်ရှိ အာရှလမ်းမှာ ကျနော်တို့ကို ဖယ်ခိုင်းတယ်။ ကျနော်တို့ ဆောက်ထားတဲ့တဲတွေ ဖျက်ခိုင်းတယ်။ ထားတဲ့ ကတုတ်ကျင်းတွေ အဲဒါကို မမြင်ချင်ဘူး အဲလိုပြောတယ်။ ကျနော်တို့လည်း ကျနော်တို့လက်နဲ့ခြေနဲ့ လုပ်ထားတယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ လုပ်ထားတာ မဖျက်နိုင်ဘူး၊ ကျနော်တို့ အနေအထားကလည်း။ အဲဒီမှာ ဘာမပြောညာမပြောနဲ့ မနေ့မနက်မိုးလင်းမှာ သေနတ်သံတွေကြားတော့ ပထမဦးဆုံး တောပစ်တာပဲထင်နေတာ။ နောက်တော့ ကျကွဲတော့မှ လက်နက်ကြီးနဲ့ ပစ်ခံရတယ်ဆိုတာ သိရတာ။”

မနေ့တုန်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာတော့ ဒီကေဘီအေတပ်ဘက်က ၂ ဦးထိခိုက်ပြီး အစိုးရတပ်ဘက်က ၃ ဦး ထိခိုက်တယ်လို့ ဗိုလ်မှူးဆန်းအောင်က ပြောပါတယ်။

မြ၀တီ-ကော့ကရိတ် အာရှလမ်းမသစ်မှာ အစိုးရတပ်နဲ့ ဒီကေဘီအေအကြား ဖြစ်ပွားနေတဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကို ရပ်ဆိုင်းပေးဖို့ ရန်ကုန်မှာ ကျင်းပနေတဲ့ ကရင်အမျိုးသား အကြိုညီလာခံတက်နေတဲ့ ကိုယ်စားလှယ်တွေက နှစ်ဘက်ခေါင်းဆောင်တွေကို ဒီကနေ့ ထုတ်ပြန်တောင်းဆိုထားပါတယ်။

No comments: