Mizzima
မြန်မာနိုင်ငံသည် လေတပ်အဆင့်မြင့်အရာရှိ တစ်ဦးကို ရာထူးမှ ဖယ်ရှားကာ အခြားအရာရှိတစ်ဦးဖြင့် အစားထိုး ခန့်အပ်လိုက်ကြောင်း မြန်မာ အရာရှိများက တနင်္လာနေ့က ဆိုခဲ့ကြသည်။
လွန်ခဲ့သော သုံးလခန့်က မြန်မာ စစ်လေယာဉ်ပေါ်မှ ဗုံးတစ်လုံး တရုတ်နယ်မြေအတွင်း ကျရောက်ခဲ့ကာ တရုတ် လယ်သမားလေးဦး သေဆုံးခဲ့ရသည့် ကိစ္စကြောင့် တရုတ်နိုင်ငံက ဒေါသထွက်သွားခဲ့သော ဖြစ်စဉ်အတွက် တုံ့ပြန်ဆောင်ရွက်ပေးသည့် အနေဖြင့် ထိုကဲ့သို့ အစားထိုးခန့်အပ်လိုက်ခြင်း ဖြစ်ဖွယ်ရှိကြောင်း အရာရှိများက ဆိုသည်။
စစ်ဦးစီးအရာရှိချုပ် (လေ) ဗိုလ်ချုပ်လွင်ဦး၏ နေရာတွင် ဗိုလ်မှူးချုပ်မောင်မောင်ကျော် နှင့် အစားထိုးခန့်အပ်လိုက်ခြင်းဖြစ်ကြောင်း သမ္မတရုံးမှ အကြီးတန်း အရာရှိ တစ်ဦးက ရိုက်တာ သတင်းဌာနကို ပြောကြားခဲ့သည်။ အစားထိုးခန့်အပ်မှု မည်သည့်အချိန်က ဖြစ်ပေါ်ခဲ့ကြောင်းကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။
မြန်မာနိုင်ငံတွင် စစ်တပ်က ၄၉ နှစ်ကြာ အုပ်စိုးခဲ့ရာမှ ၂၀၁၁ ခုနှစ်တွင် အရပ်သားတစ်ပိုင်း အစိုးရ ပေါ်ပေါက်လာခဲ့သော်လည်း မြန်မာစစ်တပ်အတွင်း အဆင့်မြင့် ရာထူးအပြောင်းအလဲများ နှင့် ပတ်သတ်၍မူ လျှို့ဝှက်မှုများ ဆက်လက်ရှိနေဆဲဖြစ်သည်။ ယခုကိစ္စမှာ အတိမ်းအစောင်းမခံသော အကြောင်းအရာမျိုးဖြစ်၍ မြန်မာအရာရှိများသည် အမည်မဖော်ဘဲ ပြောကြားခဲ့ကြခြင်း ဖြစ်သည်။
ယခုနှစ်ထဲတွင် MNDAA ကိုးကန့်သူပုန်များအား မြန်မာစစ်တပ်က တိုက်ခိုက်ခဲ့စဉ်တွင် တရုတ်နိုင်ငံဘက်ခြမ်းသို့ မြန်မာစစ်တပ်၏ ဗုံးတစ်လုံး ကျရောက်သွားခဲ့သဖြင့် ဗိုလ်ချုပ်လွင်ဦး ရာထူးဆုံးရှုံးသွားရခြင်း ဖြစ်ဖွယ်ရှိကြောင်း မြန်မာလေတပ် အရာရှိတစ်ဦးက ဆိုသည်။
“ကျွန်တော်တို့ နားလည်သလောက် ပြောရမယ်ဆိုရင်၊ မြန်မာလေတပ်ရဲ့ ဗုံး တရုတ်နိုင်ငံဘက်ကို ကျသွားခဲ့တဲ့အတွက် အပြစ်ပေးမှုတစ်ရပ် အနေနဲ့ သူဟာ ရာထူးကနေ ဖယ်ရှားခံရတာပါ” ဟု ထိုလေတပ်အရာရှိက ဆိုသည်။
တရုတ်နိုင်ငံဘက်သို့ ဗုံးကျရောက်ခဲ့မှုနှင့် ပတ်သတ်၍ ကနဦးတွင် မြန်မာနိုင်ငံသည် တာဝန်ခံရေးကို ငြင်းဆန်ခဲ့သော်လည်း၊ နောက်ပိုင်းတွင်မူ အပြစ်တင်ခံရမှုကို လက်ခံခဲ့ကာ တရုတ်နိုင်ငံကို တောင်းပန်ခဲ့သည်။
MNDAA ကိုးကန့်တပ်ဖွဲ့သည် ကိုးကန့်ဘက်က တစ်ဘက်သတ် အပစ်အခတ်ရပ်စဲကြောင်း ယခုလထဲတွင် ကြေညာခဲ့သည်။
No comments:
Post a Comment