Saturday, July 4, 2015

ပိုင်ဆိုင်မှု အထောက်အထားမပြနိုင်သူ မြေပိုင်ရှင်များ နေအိမ်မှ ရွေ့ပြောင်းခိုင်း

ဖဲဘူး

လွိုင်ကော်မြို့ ပန်းကန်းကျေးရွာအုပ်စု နိုပီကွင်း( ထူဒူ ငံသ ကျေးရွာ ) တွင် နေထိုင်သူ ဦးထျားရုနှင့် ဒေါ်မကီ (အတူနေလင်မယား) တို့မိသားစုသည် မြေပိုင်ဆိုင်မှု အထောက်အထား မပြနိုင်သည့်အတွက် တရားရုံးတွင် အမှု ရှုံးနိမ့်ပြီး လက်ရှိ နေအိမ်မှာ ရွေ့ပြောင်းပေးရန် တရားရုံးတွင် အမှုနိုင်သူ ဒေါ်ကြူကြူဆွေမှ လာရောက် ရွေ့ပြောင်းစေမှု ဇူလိုင်လ ၂ ရက်နေ့က ဖြစ်ပွားခဲ့သည်။

လွိုင်ကော်မြို့နယ် တရားရုံး၊ ရဲတပ်ဖွဲ့၊ တရားနိုင် နှင့်မြေစာရင်းဌာန မှ ဦးထျားရုနှင့်ဒေါ်မကီတို့ နေအိမ်ပေါ်ရှိ ပစ္စည်းများကို လူငှားပြီး အိမ်ပေါ်ရှိပစည်းများရွေ့ပြောင်းပြိး နေအိမ်ကို ဖြိုဖျက်ရန် ကြိုးစားသော်လည်း ထူဒူငံသ ရှိ ဒေသခံများကန့်ကွက်မှုကြောင့် အထမမြောက်ခဲ့ကြောင်းသိရသည်။

"ဒီလိုလာလုပ်တာ တရားမမျှတဘူးပေါ့။ ကျမတို့ကို ကျူးကျော်မြေလို့လည်းပြောတယ်။ ကျမတို့ ဥပဒေနားမလည်တဲ့ လူအပေါ်မှာ ဒါမျိုးလှည့်စားပြီး လုပ်စားသွားတာ" ဟု ဒေါ်မကီကဆိုသည်။

တရားရုံးတွင် အမှုရှုံးသွားသော ဦးထျားရု နှင့် ဒေါ်မကီ တို့ကို နေအိမ်မှာ ရွေ့ပြောင်းပေးရန် တရားနိုင်သူ ဖက်မှ လက်နက်တပ်ဆင်ထားသော ရဲတပ်ဖွဲ့ နှင့်တကွ နှစ်ကြိမ်တိုင်တိုင် လာရောက် ပြောဆိုမှုရှိခဲ့ကြောင်း ဒေါ်မကီကဆိုသည်။

တရားရုံးတွင် ရင်ဆိုင်စဉ်က တိကျခိုင်မာသော မြေပိုင်မှု အထောက်အထားမပြနိုင်ခဲ့ပဲ ကျေးရွာ ရပ်မိရပ်ဖ များ၏ထောက်ခံမှုဖြင့်သာ သက်သေပြနိုင်ခဲ့သည့်အတွက် ရှုံးနိမ့်သွားရခြင်းဖြစ်ကြောင်း ထူဒူငံသကျေးရွာ အုပ်ချုပ်ရေးမှူး ဦးပါဒိုမူး ကဆိုသည်။

"အားလုံးက ထောက်ခံကြတာပေါ့ဗျာ။ ဘယ်လိုလဲဆိုရင် အရင်ရွာ မိရွာဖပဲဖြစ်ဖြစ် ရှေ့မီနောက်မီတဲ့သူပဲဖြစ်ဖြစ် ဒီနောက် မကီ နဲ့ ရွယ်သူတဲ့အဖွဲ့တွေလည်းသိတာကော ဒီမြေတွေကို ဒီတော့ အကုန်လုံးထောက်ခံကြတာပေါ့" ဟု ဦးပါဒိုမူးက ဆိုသည်။

အမှတ် ၁၄၂ နိုပီကွင်း မြေအမှတ် ၈၆/ခ တွင် ဦးထျားရုနှင့် ဒေါ် မကီ တို့ နေထိုင်သော အမှတ် ၁၄၂ နိုပီကွင်း မြေအမှတ် ၈၆/ခ တွင် မြေ ပေ ၁၀၀ ပတ်လည်ရှိ မြေကွက်ကို စီမံကိန်းရုံးမှ ဝန်ထမ်းများကို အိမ်ကွက်နေရာ ချထားပေးသည့်အတွက် လက်ရှိနေထိုင်သူများနှင့် စီမံကိန်းရုံးမှ ဝန်ထမ်းများက ၂၀၁၃ မှစ ၍ အမှု ဖြစ်ပွားခဲ့ကြကြောင်း ဒေါ်မကီကပြောသည်။

၎င်းမြေနေရာကို ဒေါ်မကီတို့၏ ဘိုးဘွားလက်ထက်မှ၍ သီးနှံစိုက်ပျိုး လုပ်ကိုင်လာသည့် မြေနေရာဖြစ်ပြီး ၂၀၁၂ ခုနှစ်တွင် နေအိမ်တည်ဆောက် နေထိုင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိနေအိမ်မှာ ဘိုးဘွားအမွေအနစ်ဖြစ်သည့်အပြင် ပြောင်းရွေ့နေထိုင်ရာ နေရာမရှိသည့်အတွက် ပြောင်းရွေ့မပြေးနိုင်ကြောင်း ဒေါ်မကီကပြောသည်။

No comments: