Wednesday, July 1, 2015

အမျိုးသမီးများ နိုင်ငံရေးတွင် ပိုမို ပါဝင်လာရန် ကိုတာစနစ် မဖြစ်မနေ သတ်မှတ်ပေးရန် လိုအပ်နေဟုဆို

ထက်ထက်အောင်

အမျိုးသမီးများ နိုင်ငံရေးတွင် ပါဝင်ခွင့်များလာစေရန် ကိုတာ (ခွဲတမ်း) စနစ်သတ်မှတ်ပေးရေးမှာ မရှိမဖြစ် လိုအပ်နေသည် ဟု ချင်းဒီမိုကရက်တစ်ပါတီမှ အတွင်းရေးမှူး ဦးငိုက်ဆာ့ခ်က ဇွန် ၃၀ရက်က ပြောသည်။

ဦးငိုက်ဆာ့ခ်က” ယဉ်ကျေးမှုအရ၊ဘာသာရေး၊ဓလေ့ထုးံတမ်းတွေက အစဉ်လာ အရိုးစွဲ အတွေး အခေါ်အရ အမျိုးသမီးတွေဟာ အမျိုးသားတွေလောက် စွမ်းဆောင်ရည်မရှိဘူးလို့ လက်ခံမှုတွေက ရှိနေဆဲပဲ၊ဒါတွေကို အသိပညာပေးပြောင်းလဲပြီးမှ ပြင်မယ် ဆိုရင် ၁၀နှစ် ၁၅နှစ် မကဘူး။ အနှစ်၂၀ လောက် လည်း ကြာသွားနိုင်တယ်၊ ဒါတို အရည်အချင်းရှိ တဲ့အမျိုးသမီးတွေ နစ်နာ သွားနိုင် တယ်။ ဒါကြောင့် ဥပဒေအရ နည်းဥပဒေအရ ကိုတာ(ခွဲတမ်း) သတ်မှတ်လိုက်ဖို့က မဖြစ်မနေ လိုတယ် လို့ ဆိုချင်ပါ တယ်”ဟု ဆိုသည်။

ဇွန် ၃၀ရက်က ရန်ကုန်မြို့ Summit Parkview ဟိုတယ်တွင် ပြုလုပ်သည့် “ အမျိုးသမီးများနှင့် နိုင်ငံရေးခေါင်းဆောင်မှု တွင်ကြုံတွေ့ရသည့် အတားအဆီးများနှင့် အခွင့်အလမ်းများအပေါ် လေ့လာ တွေ့ရှိချက်”အမည်ရှိ Gender Development Intitative အဖွဲ့၏ သုတေသနစာတမ်း စာနယ်ဇင်း ရှင်းလင်းပွဲတွင် ၄င်းကပြောခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ လက်ရှိအုပ်ချုပ်ရေးပိုင်းဆိုင်ရာတွင် လည်း တိုင်းနှင့် ပြည်နယ် အဆင့်ဝန်ကြီးများ၊ အထွေထွေအုပ်ချုပ်ရေးမှူး ရာထူးများတွင်အမျိုးသမီးများ ရှိမနေခြင်းကလည်း အရည်အချင်းမရှိ၍ မဟုတ်ဘဲ အစဉ်အလာအတွေးအခေါ်များကြောင့် ၀င်ရောက်ယှဉ်ပြိုင်သူ နည်း၍ဖြစ်ပြီး ယင်းအ တွက် ကိုတာစနစ်သာသတ်မှတ်လိုက်ပါက အမျိုးသမီးများအတွက် နိုင်ငံရေးတွင် ပါဝင်ခွင့်များလာစေရန် အရည်အချင်း ထုတ်ဖော်ပြသခွင့်ရလာနိုင်မည်ဟု ၄င်းကဆိုသည်။

လက်ရှိတွင်လည်း ကျား မတန်းတူညီမျှရေး၊ အမျိုးသမီးအခွင့်အရေးများ လှုပ်ရှားနေသည့် အဖွဲ့များက လည်း အဖွဲ့အစည်းများ၊ ၀န်ကြီးဌာနများနှင့် လွှတ်တော်တွင်းတွင် အမျိုးသမီး၃၀ရာခိုင်နှုန်း ပါဝင်ရေး လှုပ်ရှားမှုများရှိနေပြီး ဇွန်လ ဒုတိယပတ်အတွင်းက ကျင်းပခဲ့သည့် လော်ခီးလာ တိုင်းရင်းသားညီလာခံတွင်လည်းအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီး သည့်နောက်ပိုင်း နိုင်ငံရေးဆွေးနွေးပွဲများတွင် အမျိုးသမီး ၃၀ရာခိုင်နှုန်းပါဝင်ခွင့်ပြုရန် သဘောတူညီခဲ့သည်။

ယင်းစာနယ်ဇင်းရှင်းလင်းပွဲသို့တက်ရောက်လာသည့် မြန်မာအမျိုးသမီးများကွန်ရက်မှ သဘာပတိအဖွဲ့ဝင် ဒေါ်ရွှေရွှေစိန်လတ်က ” ဘာလို့ ကိုတာစနစ်သတ်မှတ်ဖို့ လိုသလဲဆိုတော့ မြန်မာနိုင်ငံကနှစ်ပေါင်းများစွာ စစ်တပ်ကပဲ အုပ်စိုးလာတယ်၊ဒီတော့ အမျိုးသားတွေ အုပ်စိုးမှုကပဲ အသားကျနေပြီး အမျိုးသမီးတွေရှေ့ရောက်ဖို့က mindset (စိတ်ပိုင်းဆိုင်ရာအတွေး အခေါ်) ပြောင်း လဲဖို့ အသိပညာပေးမှုတွေသာမက စနစ်ထဲမှာပါပြောင်းဖို့လိုအပ် တဲ့တွက်ကြောင့် ပါ”ဟု ဆိုသည်။

အမျိုးသမီးတွေများအုပ်ချုပ်ရေးကဏ္ဍတွင်ပိုမိုပါဝင်လာနိုင်ရေးအတွက် လက်ရှိကျင့်သုးံနေသော စနစ်ကိုပြန် လေ့လာသုံးသပ်ရန် လိုအပ်ကြောင်း ကမ္ဘာ့ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှုးရုံးမှ အကြီးတန်း အကြံပေး ပုဂ္ဂိုလ် ဒေါ်စုစုသာထွန်းကဒီဇင်ဘာ၆ရက်တွင် ရန်ကုန်မြို့၌ကျင်းပသော အပြည်ပြည်ဆိုင် ရာ အမျိုးသမီးဖိုရမ် ဒုတိယနေ့တွင် ပြောကြားခဲ့ဖူးသည်။

No comments: