Friday, July 3, 2015

ကျောင်းတွင်မျက်လှည့်ပြ စီးပွားရေးပြုလုပ်နေ

မူအက်စတာ

ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့တွင်းရှိ အစိုးရပညာရေးကျောင်းများတွင် နိုင်ငံခြားမှ မျက်လှည့်ဆရာများက လာရောက်၍ မျက်လှည့်များ လိုက်လံပြသ၍ စီးပွားရှာနေကြောင်း ကျောင်းသားမိဘများက ကန္တာရဝတီတိုင်း(မ်)သို့ ပြောကြားခဲ့သည်။

ဇွန်လ ၂၂ ရက်နေ့၊မွန်းတည့် ၁၂နာရီကျောင်းဆင်ချိန်တွင် အမှတ်(၂) မင်္ဂလာ မူလွန် အစိုးရကျောင်းတွင် အိန္ဒိယနိုင်ငံမှလာ၍ အိန္ဒိယ ကျောင်းဆရာတဦးဖြစ်ကြောင်း လွိုင်ကော်မြို့တွင် ၁ရက် ၂ရက်ခန့် မျက်လှည့်ပြသပေးပြီး မန္တလေးသို့ ဆက်လက်သွားရောက်ပြ သပေးမည် ဖြစ်ကြောင်း မိတ်ဆက်ပြီး စက္ကူစာရွက်လေးများနှင့် မျက်လှည့်ပြသပေးနေကြောင်း သိရသည်။

စက္ကူညှပ်၊ ခေါက်၊ လှန်နည်းနှင့် ငှက်ပုံ၊ ပန်းပွင့်ပုံ၊ ကြာဖူးပုံများနှင့် အခြားကလေးများကြိုက်နှစ်သည့် ပုံများအား ပြုလုပ်ပြသခဲ့ကြောင်း သိရသည်။

ထို့နောက် မျက်လှည့်များပြသပေးခဲ့ပြီး ယခုပြသသွားခဲ့သော အတတ်ပညာများသည် ဤစာအုပ်ထဲတွင်ရှိကြောင်း၊ စာအုပ်သည် တန်ဖိုးကျပ် ၁၀၀၀ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ တခဏအတွင်း ကျောင်းသားများထံမှငွေကျပ် ၉၀၀၀၀ ကျော်ရရှိခဲ့၍ ပြန်သွားကြောင်း ကျောင်းရှိတာဝန်ရှိသူများနှင့် ကျောင်းသားမိဘများက ပြောကြားသည်။

ယခုလို မျက်လှည့်ပြပြီး စာအုပ်ရောင်းစားသည့် ကိစ္စနှင့်ပတ်သက်၍ ကျောင်းသားမိဘတဦးက ̏ ကျမ ကျောင်းသားမိဘ တဦးအနေနဲ့ ကျောင်းမှာဒီလိုလာလုပ်တာ လုံးဝမကြိုက်ဘူး၊ လမ်းဘေးမှာလုပ်ရင် ကျမဘာမှမပြောဘူး၊ ပွဲခင်းမှာလုပ် ကျမဘာမှမပြောဘူး၊ ဒါကျောင်းသားတွေကို သွားလုပ်စားတာလေး ̋ ဟုပြောသည်။

ယခုချိန်တွင် အစိုးရကျောင်းများတွင် အစိုးရမှကျောင်းစာအုပ်များကို အခမဲ့ပေးဝေနေသည့်အချိန်တွင် ၄င်းကဤသို့ လာရောက်ပြုလုပ်သည်မှာ မသင့်လျော်ကြောင်း ၄င်းက ဆက်ပြောသည်။

ကျောင်းမှတာဝန်ရှိသူတဦးကလည်း ̏ သူများတွေကို သိစေချင်တယ်၊ ဘာလို့လဲဆိုတော့ အခုကျောင်းချိန်မှာ သူဒီစာအုပ်လေးရောင်းပြီး ဝင်မယ်၊ နောက်ကျတော့ သူ့အဖော်အပေါင်းနဲ့လာပြီးတော့ အုပ်နဲ့ချီနဲ့၊ ကျင်းနဲ့လာမယ်။ တနည်းနည်းနဲ့ဝင်မယ်၊ အဲ့ဒီမှာရတယ်ဟေ့ ဆိုပြီးဝင်လာရင် အန္တရာယ်ဖြစ်နိုင်တယ် ̋ ဟု ပြောခဲ့ပါသည်။

၎င်းမျက်လှည့်ဆရာများသည်လွိုင်ကော်မြို့နယ်တွင်းရှိ ပန်ကန်း(အထက်တန်းကျောင်းခွဲ)၊ လွိုင်ကော် အ.ထ.က ၂ ၊ အ.ထ.က ၃ ၊ အ.ထ.က ၄ တို့နှင့် မင်္ဂလာမူလွန်တို့တွင် အသီးသီးလိုက်လံပြသပြီး စာအုပ်များရောင်းချခဲ့ကြောင်း သိရသည်။

No comments: