Saturday, July 18, 2015

ရခိုင်ရေဘေး အစိုးရက ငွေကျပ် ၃ ဒသမ ၂၁၆ ဘီလီယံသုံးစွဲမည်

နိရဉ္စရာ

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့သော မိုးကြီးရေလျှံမှုကြောင့် ပျက်စီးခဲ့မှုအပေါ် ပြန်လည် တည်ဆောက်ရေးလုပ်ငန်းကို ဆောင်ရွက်ရန် အတွက် ငွေကျပ် ၃ ဒသမ ၂၁၆ ဘီလီယံ သုံးစွဲသွားမည်ဟု အစိုးရမှ ထုတ်ပြန်သည်။

ရခိုင်ပြည်နယ် အတွင်း ဇွန်လ ၂၄ ရက်နေ့ကမှ စတင်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဇွန်လ ၂၆ ရက်မှ ၂၉ရက်နေ့ထိ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ရာ လူ ခြောက်ဦးသေဆုံးပြီး တိရစ္ဆာန် ၂၅၀၅၅ ကောင်သေဆုံးခဲ့ကြောင်း၊ စိုက်ပျိုးမြေ ၂၅၆၄ ဧက ပျက်စီးပြီး လူနေအိမ် ၅၉၂ လုံး ပျက်စီးခဲ့ကြောင်း အစိုးရမှ ထုတ်ပြန်သည်။

ယင်းအပြင် စာသင်ကျောင်း ခုနှစ်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းနှစ်ကျောင်း၊ လမ်းပိုင်း ၄၂ နေရာနှင့် တံတား ၅၄ စင်းတို့ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့သည်။

ပျက်စီးဆုံးရှုံးခဲ့သော ပမာဏမှာ ပုဏ္ဍားကျွန်းမြို့နယ်တွင် ငွေကျပ် ၂ ဒသမ ၁၂ သန်း၊ ရသေ့တောင်မြို့နယ်တွင် ငွေကျပ် ၃၇ ဒသမ ၅ သန်း၊ မြောက်ဦးမြို့နယ်တွင် ငွေကျပ် ၆၂ ဒသမ ၅၅ သန်း၊ ကျောက်တော်မြို့နယ်တွင် ငွေကျပ် ၃၂ ဒသမ ၉၆ သန်း၊ မင်းပြားမြို့နယ်တွင် ငွေကျပ် ၅၁သန်း၊ သံတွဲမြို့နယ်တွင် ငွေကျပ် ၃၁၁ ဒသမ ၁သန်း ၊ တောင်ကုတ် မြို့နယ်တွင် ငွေကျပ် ၃၂၇ ဒသမ ၇၄ သန်း၊ ဂွမြို့နယ်တွင် ငွေကျပ် ၃၇ ဒသမ ၄သန်း၊ မောင်တောမြို့နယ်တွင် ငွေကျပ် ၃၉၅ ဒသမ ၆သန်း၊ ဘူးသီးတောင်မြို့နယ်တွင် ငွေကျပ် ၂၀၉ ဒသမ ၁၈ သန်း၊ ရမ်းဗြဲမြို့နယ်တွင် ငွေကျပ် ၁၀၅ ဒသမ ၃၃ သန်း၊ မာန်အောင်မြို့နယ်တွင် ငွေကျပ် သုည ဒသမ ၄ သန်း၊ အမ်းမြို့နယ်တွင် ငွေကျပ် ၁၃၈၈ ဒသမ ၅၇ သန်းနှင့် မအီမြို့နယ်တွင် ငွေကျပ် ၂၅၅ ဒသမ ၂၄ သန်း တို့ရှိကြောင်း အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စုစုပေါင်း ပျက်စီးဆုံးရှုံးမှုမှာ ကျပ်ငွေ ၃ ဒသမ ၂၁၆ ဘီလီယံ ရှိကြောင်း သိရသည်။

No comments: