နေဇော
ရခိုင်ပြည်နယ် တ၀န်းလုံး ရေကြီးစဉ် လေဆင်နှာမောင်းတိုက်ခတ်၍ အထိအခိုက်များခဲ့ရသော ဒါဝရွာအား နိုင်ငံရေး ပါတီများမှ သွားရောက်ပြီး ကူညီလှူဒါန်းမှုများ ပြုလုပ်နေကြသည်ဟု သတင်း ရရှိသည်။
ယင်းအထဲတွင် ရခိုင်အမျိုးသားပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အရှိုချင်းပါတီတို့ ပါဝင်သည်ဟု ဆိုသည်။
ရပ်မိရပ်ဖ တစ်ဦးဖြစ်သူ ဒါဝကျေးရွာနေ ဦးစောထွန်းအောင်မှ “ လေဆင်နှာမောင်းတိုက်လို့ပျက်စီးခဲ့တာက ၉၁ အိမ်ပါ။ ကယ်ဆယ်ရေး အနေနဲ့ လာရောက်ကူညီတာကတော့ ရခိုင်အမျိုးသားပါတီကငွေသုံးသိန်း။ အရှိုချင်းအမျိုးသား ပါတီဗဟိုရုံးချုပ်က ငွေတစ်သိန်း။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဆန်အိတ် ၁၅ အိတ်နှင့် ကလေးကျောင်းသုံး ပစ္စည်းများ ဖြစ်ကြပါတယ်” ဟု ပြောသည်။
၎င်းပြင် သံတွဲမြို့နယ် အထွေထွေ ဦးစီးဌာနမှ ပထမအကြိမ် ဆန် ၁၅ အိတ်နှင့် အစားအစာများ လာရောက် ကူညီ လှူဒါန်းခဲ့သလို ဒုတိယ အကြိမ် ဆန် ၁၀ အိတ်နှင့် စားသောက်ဖွယ်ရာများကို လာရောက် ကူညီလှူဒါန်းခဲ့ကြောင်း၊
တောင်ပေါ်ကျေးရွာကလည်း ဆန်၈အိတ်၊ တောင်သာကျေးရွာကဆန်၂အိတ်၊ ရွှေလှော်ကျေးရွာကဆန်၃အိတ်ခွဲ လှုဒါန်းခဲ့ပါကြောင်း၊ သံတွဲမြို့မှ ချင်းအမျိုးသားများနှင့် ဒွါရာဝတီမြို့သစ်မှ ချင်းအမျိုးသားများကလည်း ငွေ ၂ သိန်း စုပေါင်း လှူဒါန်းခဲ့ကြောင်း ဦးစောထွန်းအောင်က ပြောသည်။
ဒါဝကျေးရွာရှိ နေအိမ်အလုံးလိုက် ပျက်စီးသွားသူ ဦးမောင်ဖြူမှ နိရဉ္စရာကို “ မနက် ၅ နာရီလောက်မှာ လေဆင် နှာမောင်းတိုက် တာပဲ။ အချိန်ကသိပ်မကြာပါဘူး။ ငါးမိနစ်လောက်ပဲရှိမယ်။ ကျွန်တော်ရဲ့အိမ်ကော၊ ကျွန်တော် သားရဲ့ အိမ်ပါ လုံးဝပြိုကျ ပျက်စီးသွားတယ်။ လှုဒါန်းပစ္စည်းတွေကို ရပ်မိရပ်ဖတွေက ခွဲဝေပေးကြပါတယ်။ပျက်စီးသွားတဲ့အိမ်တွေကို တစ်အိမ်ကိုငွေရှစ်ထောင်စီပေးတယ်လို့ကြားပါတယ်။အခုအ ထိတော့ ကျွန်တော်ရောကျွန်တော့်သားပါ တစ်ပြားမှ မရသေးပါ။အ ကူအညီအနေနဲ့ကတော့ တစ်အိမ်ကို ဆန်နှစ်ပြည်စီတော့ ရပါတယ်” ဟု ပြောသည်။
ဒါဝရွာမှာ ချင်းအမျိုးသား ဗုဒ္ဓဘာသာဝင် ချင်းအမျိုးသားများ နေထိုင်ရာ ကျေးရွာကြီး တစ်ရွာဖြစ်ပြီး အိမ်ခြေ ၁၅၇ အိမ်ရှိကြောင်း သိရသည်။
“ အိမ်ကတော့လုံးဝကို ပြားပြားဝပ်သွားတာပဲ။ ငါးမိနစ်လောက်အတွင်းမှာ လုံးဝ ပျက်စီးသွားတယ်။ မယုံနိင်အောင်ပါဘဲ။ မိသားစုက ၇ ဦး ရှိပါတယ်။ ကျောင်းနေကလေးက သုံးဦးပါ။ ပထမတန်းနှစ်ဦးနဲ့ သူငယ်တန်း တစ်ဦးပါ။ တစ်သက်မှာ ဒါမျိုး တစ်ခါမှ မကြုံဖူးဘူး။ အိမ်ပြိုလဲကတည်းက ဘုန်းကြီးကျောင်းဇရပ်မှာ နေနေရတယ်။ ကယ်ဆယ်ရေး ထောက်ပံ့မှု အနေနဲ့ ငွေရှစ်ထောင်နဲ့ ဆန်လေးပြည်ရပါတယ်။ လေတိုက်တော့ အိုးခွက်ပုဂံတွေ သောက်ရေအိုး တစ်ခုမှ မရလိုက်ဘူး။ မနက်လေတိုက်ပြီးတာနဲ့ ရေကဆက်တက်လာတယ်။ ရေက လည်ပင်းလောက်ကို တက်လာတာ။ ဘာပြောပြော အသက်နဲ့ မြဲနေတာကကိုပဲ ကံကြီးလှပါပြီ” ဟု ဘုန်းကြီးကျောင်းဓမ္မာရုံမှာ ခိုလုံနေရသူ ဦးမောင်နီလေးကပြောသည်။

No comments:
Post a Comment