Monday, July 6, 2015

ရက္ခိုင်တပ်မတော်နှင့်ဆက်စပ်၍ ဖမ်းဆီးခံရသူများထဲမှ နောက်ထပ် ၈ ဦးလွတ်မြောက်လာ

စံမောင်သန်း

ရက္ခိုင်တပ်မတော် AA နှင့်ဆက်စပ်၍ ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၂၄ ဦး အထဲမှ နောက်ထပ် ၈ ဦး လွတ်မြောက်လာကြောင်း အမှုကို လိုက်ပါလုပ်ဆောင်နေသူ ရှေ့နေ ဦးထွန်းလှက နိရဉ္စရာသို့ ပြောသည်။

လွတ်မြောက်လာသူများမှာ ကိုကောင်းစံ အမှုအမှတ် ၈၂/၁၅ ကျောက်တော်မြို့နယ် လင့်စင်ရွာသစ်၊ ဦးလှရွှေ အမှုအမှတ် ၇၅/၁၅ လင့်စင်ရွာသစ်၊ ကိုမောင်သန်းမြင့် အမှုအမှတ် ၇၅/၁၅ လင့်စင်ရွာသစ်၊ ဦးကျော်ထွန်း အမှုအမှတ် ၇၅/၁၅ ကျောက်တော်မြို့နယ် သာဒါဆိပ်၊ ဦးခင်လှိုင် အမှုအမှတ် ၇၄/၁၅ ကျောက်တော်မြို့နယ် သောင်းဆိပ်၊ ဦးထွန်းလှိုင် ၇၄/၁၅၊ ကျောက်တော်မြို့နယ် နဂရာ၊ ဦးမောင်ကျော်လှိုင် အမှုအမှတ် ၇၄/၁၅ နဂရာ၊ ကိုမောင်မောင်သန်း အမှုအမှတ် ၇၄/၁၅ ကျောက်တော်မြို့ ပြည်တော်သာရပ်ကွက်တို့မှဖြစ်ကြောင်း သိရသည်။

ထိုအထဲတွင် ယခင် ရခိုင်မျိုးနွယ်စု မြိုတိုင်းရင်းသား ၈ လွတ်မြောက်လာသော အမှုတွဲ ၈၂/၁၅ မှ ကိုကောင်းစံ တစ်ဦးပါဝင်ကြောင်း သိရသည်။

ရက္ခိုင်တပ်မတော် AA နှင့် အစိုးရစစ်တပ်တို့အကြား မတ်လ ၂၉ ရက်နေ့နှင့် ဧပြီလ ၁၇ ရက်နေ့ထိ ထိတွေ့ တိုက်ပွဲများ ဆယ်ကြိမ်ထက် မနည်း ဖြစ်ပွားခဲ့ပြီး တိုက်ပွဲထဲမှ AA တပ်သားအချို့ကို လက်နက်နှင့်အတူ ဖမ်းမိခဲ့သည်ဟု အစိုးရပိုင် သတင်းစာများတွင် ရေးသားဖော်ပြသည်။

ယခု လွတ်လာသူများမှာ ရက္ခိုင်တပ်မတော် AA နှင့် ဆက်စပ်မှုရှိသည်ဟု သံသယဖြင့် ဖမ်းဆီးခံထားရသူ ၃၂ ဦးအထဲမှ မြိုလူမျိုး ၈ ဦးပြီးလျှင် ဒုတိယ အသုတ် လွတ်မြောက်လာကြသူများ ဖြစ်ကြသည်။

ရခိုင်မျိုးနွယ်စု မြို ၈ ဦးကို ဇွန်လ ၁၁ ရက်နေ့တွင် ကျောက်တော်တရားရုံး တရားရှင်လွှတ်ပေးလိုက်ပြီး၊ နောက်ထပ်အမှုတွဲ ရခိုင်အမျိုးသား ၃ ဦးကို မလွှတ်ပေးသဖြင့် ခွဲခြားဆက်ဆံခံရသည်ဟု ယူဆကာ ဇွန်လ ၁၉ ရက်နေ့တွင် ကျောက်တော်မြို့ခံ တစ်ချို့က မီဒီယာ ရှင်းလင်းပွဲတစ်ခုပြုလုပ်ရန် စီစဉ်ခဲ့သည်။

သို့သော် ထိုသို့ မပြုလုပ်မည် မေလ ၁၈ ရက်နေ့တွင် ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ရဲက တားမြစ် ပိတ်ပင်ခံခဲ့ရသည်။

ယင်းကြောင်း သတင်းစာရှင်းလင်းပွဲပြုလုပ်ရန် ဖိတ်ထားသော မြို့နယ်အသီးသီးမှ ကိုယ်စားလှယ်များနှင့် မီဒီယာတို့ဖြင့် ကျောက်တော်မြို့ ရွှေကျောင်းတွင် ဇွန်လ ၁၉ ရက်နေ့က တွေ့ဆုံပွဲအဖြစ်သာ ပြုလုပ်ခဲ့သည်။

ယင်းနောက်ပိုင်း ဇွန်လ ၂၅ ရက်နေ့က ရခိုင်ပြည်နယ် ၀န်ကြီးချုပ်သည် တက္ကသိုလ်နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံစဉ် AA နှင့်ဆက်စပ်၍ ဖမ်းဆီးထားသောအမှုကို တပ်မတော်နှင့် ညှိနှိုင်းပြီး သက်ညှာစွာ ဆောင်ရွက်သွားမည်ဟု တာဝန်ခံပြောကြားခဲ့သည်။

ယနေ့ ဇူလိုင်လ ၂ ရက်နေ့တွင် ရက္ခိုင်တပ်မတော် AA နှင့် ဆက်စပ်သူများကို ရုံးထုတ်ပြီး ရခိုင် ၈ ဦးကို လွှတ်ပေးလိုက်ခြင်းဖြစ်သည်။

No comments: