သျှမ်းသံတော်ဆင့်၊ နန်းသီရိခမ်း
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင် မြို့နယ် အတွင်း အစိုးရ စစ်တပ်နှင့် တိုင်းရင်းသား စစ်တပ်တို့ တိုက်ပွဲကြောင့် ပြည်ထောင်စု လမ်းမကြီး(မူစယ်-မန္တလေး ကားလမ်း) ကို မနက် (၈း၃၀) နာရီမှ မွန်းလွဲ (၁၂း၃၀) နာရီ အထိ ခေတ္တ ပိတ်ထား ရကြောင်း သတင်း ရရှိသည်။
တိုက်ပွဲဖြစ်ပွားနေသောနေရာမှာ ကွတ်ခိုင်နှင့်နမ့်ဖတ်ကာရွာတို့ကြား ပြည်ထောင်စုလမ်းမပေါ်၌ ရှိသော ရှုခင်းသာ အနီးတွင်ဖြစ်ကြောင်း၊ အစိုးရတပ်နှင့်တိုက်ပွဲဖြစ်ပွားသော တပ်မှာ ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် တအာင်း လွတ်မြောက်ရေး တပ်(TNLA) တို့ဖြစ်ကြောင်း နမ့်ခမ်းကားဆရာ စိုင်းအိုက်ဆိုသည်။
“မူစယ် ဘက် တက်မယ့်ကားတွေကို ကွတ်ခိုင်မြို့ အေးရှားဝေါး ဂိတ်မှာပဲ သက်ဆိုင်ရာမှ ရပ်ခိုင်းနေတယ်၊ မနက် ကနေ မွန်းလွဲတဲ့အထိပေါ့။ ကုန်ကားတွေရော ခရီးသည် ကားကြီး ကားငယ် ပါမကျန် စုစုပေါင်း အစီး (၅၀၀) လောက်ရှိ နေပြီ၊ ကားတွေက ကွတ်ခိုင်မြို့ အထွက် အေးရှားဝေါ ဂိတ်ကနေ ကွတ်ခိုင်မြို့တွင်းအထိ တန်းစီနေတာ တွေ့ရတယ် ” ဟု ၄င်းကားသမားက သျှမ်းသံတော်ဆင့်အားပြောသည်။
မူစယ်မြို့မှ မန္တလေးဘက် သို့ဆင်းမည့် ကားများကိုလည်း နမ့်ဖတ်ကာရွာ အနီးမှာပင်ရပ်ခိုင်းနေကြောင်း ကားအ စီး (၃၀၀)ထက်မနဲရှိနေကြောင်း ဆယ်ဘီးကားဆရာစိုင်းဦး ကဆိုသည်။
မူစယ်-မန္တလေးကားလမ်းမပေါ် တွင်ပြေးဆွဲသော ကားများကို တအာင်းလွှတ်မြောက်ရေးတပ်မတော်(TNLA) မှ အခွန်ကောက်ခံပြီးနောက် အစိုးရတပ် ဘက်မှ လုံခြုံရေး တိုးချ ထားမှုကြောင့် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလာ ရသည်ဟု အမည်မဖော်လိုသော နမ့်ဖတ်ကာရွာ ဒေသခံတစ်ဦးကဆိုသည်။
မူစယ်-မန္တလေးကားလမ်းမ တစ်လျှောက်မှာ အစိုးရစစ်တပ်အပြင် SSPP/SSA သျှမ်းပြည်တပ်မတော် ၊KIA ကချင် လွှတ်မြောက်ရေး တပ်မတော်၊ TNLA တအာင်း လွှတ်မြောက်ရေး တပ်မတော်နှင့် ဒေသတွင်း ပြည်သူ့စစ် တပ်ဖွဲ့များ လှုပ်ရှားကြသည် ဟုဒေသခံများကဆိုသည်

No comments:
Post a Comment