Friday, July 3, 2015

တိုက်နယ်ဆေးရုံရရှိရေး ရသေ့တောင်တွင် လူပေါင်း ၄၀၀ ခန့် ဆန္ဒဖော်ထုတ် တောင်းဆို

နိရဉ္စရာ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းနယ်မြေမှ လူပေါင်း ၄၀၀ ခန့်သည် သူတို့၏ ဒေသတွင် တိုက်နယ်ဆေးရုံ တစ်ရုံ ရရှိရေးအတွက် ဇွန်လ ၃၀ ရက်နေ့က ရသေ့တောင်မြို့ပေါ်သို့ ချီတက်ပြီး ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့ကြသည်။

“ အဓိက တောင်းဆိုတာက ဆေးရုံပါဘဲ။ ကျွန်တော်တို့ ဒေသမှာ အုပ်စုပေါင်း ၁၈ ခု၊ ကျေးရွာပေါင်း ၄၂ ရွာရှိတယ်။ လူပေါင်း သုံးသောင်း ငါးထောင်ခန့်ရှိတယ်။ အခုထက်ထိ တိုက်နယ်ဆေးရုံ မရှိဘူး။ ဆရာဝန် မရှိဘူး။ ကျန်းမာရေးစောင့်ရှောက်မူ လိုအပ်နေတယ်။ ဒါကြောင့် တိုက်နယ်ဆေးရုံ တစ်ရုံချပေးဖို့ အဓိက တောင်းဆိုတာ ဖြစ်ပါတယ်” ဟု ကျောက်တန်းဒေသခံ ကိုမောင်သောင်းချေက ပြောသည်။

ကျောက်တန်းတိုက်နယ်သည် ရသေ့တောင်မြို့နယ် မြောက်ဘက် အစွန်ဆုံး မေယူမြစ် အရှေ့ဘက်တွင် တည်ရှိပြီး ယခင်က ဗမာကွန်မြူနစ်ပါတီ ကြီးစိုးသော နေရာတစ်ခု ဖြစ်သည်။ ဗမာကွန်မြူနစ် ပါတီ ကြီးစိုးစဉ်က အစိုးရစာသင်ကျောင်းများကို ပိတ်ပင်ခဲ့သဖြင့် အများစု ကလေးငယ်များမှာ ယင်းအချိန်က ကျောင်းစာကို ကောင်းစွာ မသင်ကြားခဲ့ရရာမှ လက်ရှိ အချိန်ထိ ပညာတတ်သူများ အလွန် နည်းပါးနေသေးသည်ဟု သိရသည်။

“ ကျွန်တော်တို့ ဒေသက မြို့နဲ့လည်း အလှမ်းဝေးတယ်။ ရေလမ်း တစ်ခုကိုဘဲ အားကိုးနေရတယ်။ မြို့ကို ရေလမ်းခရီးက သွားမယ်ဆိုရင် မြို့နယ် အစွန်ဆုံး ရေကောင်းချောင်းရွာက ဆိုရင် ၅ နာရီကြာတယ်။ ခရီးဝေးတဲ့ အတွက် လူနာတွေ မသေသင့်ဘဲ သေဆုံးနေရတယ်။ ကျွန်တော်ဒေသက လူတွေက ပညာရေး၊ ကျန်းမာရေး အဘက်ဘက်က နိမ့်ကျ နေတယ်။ ဒါပေမယ့် အစိုးရက ဘာမှ ဆောင်ရွက်ပေးတာ မရှိဘူး” ဟု သူက ဆိုသည်။

ရခိုင်ပြည်နယ် လူမှုရေး ၀န်ကြီး ဒေါက်တာ ဦးအောင်ကျော်မင်းအား တိုက်နယ် ဆေးရုံ ရရှိရေး အတွက် ရသေ့တောင်မြို့တွင် ကျောက်တန်းနယ်မြေမှ ဒေသခံပြည်သူ ငါးရာခန့် ဆန္ဒပြတောင်းဆိုမှု အပေါ် မည်ကဲ့သို့ သဘောထားပါသလဲဟု မေးမြန်းရာ သူက “ ကျွန်တော်တို့ ရခိုင်ပြည်နယ် အစိုးရမှာ တိုက်နယ်ဆေးရုံ၊ ဆရာဝန် ချပေးပိုင်ခွင့် မရှိဘူး။ ဒါကို ပြည်ထောင်စု အစိုးရက ကိုင်ထားတယ်။ ကျွန်တော်တို့က တင်ပြရုံသာ တင်ပြနိုင်တယ်။ ဆုံးဖြတ်တာက ပြည်ထောင်စု အစိုးရဖြစ်ပါတယ်” ဟု ပြောဆိုသည်။

ယင်းပြင်ပြည်ထောင်စု အစိုးရ အနေဖြင့် ဒေသအားလုံးကို တပြေးညီထား၍ ဆုံးဖြတ်ချက်ချခြင်းများ ရှိနေသဖြင့် ရခိုင်ပြည်နယ်ကဲ့သို့ မြစ်ချောင်းများ ပေါများရာဒေသများအနေဖြင့် နစ်နာမှုများ ရှိရသည်ဟု ဆိုသည်။

“ ဗမာပြည်မက တိုင်းဒေသကြီးတွေမှာက တစ်နေရာက တစ်နေရာကို သွားမယ်ဆိုရင် ချက်ချင်း ကားနဲ့ သွားလာလို့ရတယ်။ ဆေးရုံကြီးတွေ ရှိတဲ့ နေရာတွေကိုလည်း ချက်ချင်းသွားနိုင်တယ်။ ရခိုင်မှာက မြစ်ကြီးတွေ ခြားနေတဲ့ အတွက် မြို့နယ်တွင်းမှာတောင် တစ်နေရာနဲ့ တစ်နေရာ သွားလာလို့ မလွယ်ကူဘူး။ ဒါကြောင့် ရခိုင်ဒေသအတွင်း မြို့နယ် တစ်ခုတည်း ဖြစ်ပေမယ့် သွားလာရေး ခရီးခက်ခဲတာကြောင့် ဆေးရုံတွေ ချပေးဖို့ တောင်းဆိုပေမယ့် ဖြစ်မလာတာတွေ ရှိပါတယ်။ အခုတော့ နည်းနည်း အရင်ကနဲ့ စာရင် ပြည်နယ် အစိုးရကို လုပ်ပိုင် ခွင့်ပေးလာတာတော့ ရှိပါတယ်” ဟု ဆက်လက် ပြောဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ကျန်းမာရေး ၀န်ကြီးဌာန တာဝန်ရှိသူများထံသို့ ဆက်သွယ်ရော ကျန်းမားရေး ၀န်ကြီးဌာ ညွှန်ချုပ်က ယခုအခါ အဆိုပါ ဌာနကို သူမကိုင်တော့ကြောင်း၊ ယခုကိစ္စမှာ ကုသရေး ဦးစီးဌာနဲ့ သက်ဆိုင်ကြောင်း၊ သို့အတွက် အဲဒီဌာနကို ဆက်သွယ်စေလိုကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနတွင် လက်ရှိ အပြောင်းအလဲများ ရှိနေကြောင်း ပြောဆိုသည်။ နောက်ထပ် တစ်ခြား သက်ဆိုင်သူများသို့ ဆက်သွယ်သော်လည်း အဆက်အသွယ် မရရှိခဲ့ပါ။

ကျောက်တန်း ဒေသခံများသည် ရသေ့တောင် သင်္ဘောဆိပ်မှ စထွက်ပြီး မြို့နယ် အုပ်ချုပ်ရေးမှူးရုံးရှေ့ကို ဖြတ်သန်းချီတက်ခဲ့ကြပြီး တိုက်နယ်ဆေးရုံ ရရှိရေး အတွက် ကြွေးကြော်သံများ ပြိုင်တူးကြွေးကြော်ကယ တောင်းဆို ချီတက် ဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြပွဲကို နေ့လယ် ၁၂ နာရီမှ ၁ နာရီ ထိ ပြုလုပ်ခဲ့သည်။

ကျောက်တန်း တိုက်နယ်တွင် ယခုအချိန်ထိ ကျေးလက်ကျန်းမာရေး ဆေးပေးခန်း တစ်ခုသာ ရှိသေးသည်ဟု သိရသည်။

No comments: